Cypon syrup ဆိုက်ပွန်ဆေးရည်
အသက် ၅နှစ် မိန်းကလေး ပုံတွင်ပြထားသော အားဆေး(ဆေးဆိုင်အပြော)အား မနက် အစာမစားမှီ 5ml တိုက်ပြီးနောက် ခေါင်းမူးသည်ဆို၍ ခဏခဏအိပ်ပါသည်။ သိလိုသည်မှာ ၄င်းဆေးအား ဆက်လက် တိုက်ကျွေးရန် သင့်မသင့် တိုက်ကျွေးရန်သင့်ပါက မည်သည့်အချိန် မည်သည့်နူန်း ဖြင့့်တ်ိုက်ကျွေးရမည်နည်း ယင်းဆေးသည် မည်သို့ကောင်းကျိုးပေးသနည်း
ကလေးငယ်တွေကို အစာကျွေးမရလို့မေးတာတွေ မနည်းပါ။ ကိုယ့်ကလေးအတွက် စိတ်ပူလို့ စိတ်ပျက်အားငယ်ပြီး မေးခွန်းကို ခပ်ရှည်ရှည်မေးတတ်ကြတာလဲ သတိထားမိပါတယ်။ ကလေးလို အစာစာချင်စိတ် နည်းနေရင် ထပ်ဖြည့်တိုက်ကြတာက Cypon ဆေးရည်ဖြစ်တယ်။ အမှန်ကတော့ အဲဒီရည်ရွယ်ချက်အတွက် ထုတ်တဲ့ဆေးတော့ မဟုတ်ပါ။ လက်တွေ့သုံးတော့ ထိရောက်မှုရှိတယ်။ ဝချင်၊ စားချင်လာအောင် လူကြီးတွေလဲ သုံးကြပါတယ်။ ကလေး၊ လူကြီး ရက်တိုအတွက်သာဖြစ်တယ်။
Cyproheptadine HCl ကို (Cypon) (Periactin) (Peritol) စတဲ့ နာမည်တွေနဲ့ ရောင်းတယ်။ ဆေးပြား၊ ဆေးရည်၊ အစက်ချဆေးအနေနဲ့ လာတယ်။ ကလေးတွေ အစာစားချင်အောင် 4-8 mg ဒါမှမဟုတ် 10-20 drops တနေ့ ၃ ကြိမ် ပေးတယ်။ Cyproheptadine ဆေးဟာ Antihistamine ခေါ်တဲ့ အင်တီ-ဟစ်စတမင်း ပဌမမျိုးဆက် ဆေးအုပ်စုဝင် ဖြစ်တယ်။ အလာဂျီရတာကိုကုသနိုင်တယ်။ ဒါ့အပြင် ဒီဆေးမှာ Anticholinergic, Antiserotonergic နဲ့ Local anesthetic ဆေးသတ္တိတွေလဲရှိတယ်။ Hay fever ခေါ်တဲ့ မတည့်တာနဲ့တွေလို့ မျက်ရည်တွေကျ၊ နှာချေ၊ နှာရည်ယို၊ ယားယံတာကို အဓိကသုံးတယ်။ Nightmares ခေါ်တဲ့ အိပ်မက်ဆိုးတွေမက်တာကိုလဲ ပေးတယ်။ အထူးသဖြင့် Post-traumatic stress disorder စိတ်ထိခိုက်မှုကြုံရပြီးနောက် ခံစားရတာကို ပေးနိုင်တယ်။
Serotonin syndrome ခေါ်တဲ့ Selective serotonin reuptake inhibitors နဲ့ monoamine oxidase inhibitors ဆေးတွေပေးရတာကို သက်သာစေအောင်လဲသုံးတယ်။ Serotonin producing carcinoid tumor ခေါ် ကင်ဆာတမျိုးကြောင့် Serotonin ဓါတ်ထွက်တာကို သက်သာစေဘို့မှာလဲ သုံးတယ်။ SSRI စိတ်ကျဆေးသုံးရလို့ဖြစ်ရတဲ့ Sexual dysfunction လိင်ပိုင်းဆိုင်ရာအားနည်းချက်ကိုသက်သာအောင်လဲ သုံးနိုင်သေးတယ်။
ကလေးတွေမှာ မိုက်ဂရင်းခေါင်းကိုက်ရောဂါ ကာကွယ်ဘို့လဲသုံးနိုင်တယ်။ ဆေးကြောင့် ချွေးထွက်များလွန်းတာမှာလည်း ပေးတယ်။ အန်တဲ့ရောဂါကိုလည်းပေးတယ်။ အိပ်လို့ကောင်းတယ်၊ စိတ်တည်ငြိမ်တယ်၊ စိတ်သက်သာရစေတယ်။ တကယ့် စိတ်ရောဂါ ရှိရင်တော့ မထူးခြားဘူး။ ကလေး၊ လူကြီး အစာစားချင်စိတ်တွေတိုးပြီး၊ ကိုယ်အလေးချိန်တိုး လာတယ်။ ပိန်တဲ့သူတွေအတွက် ဆေးနည်းအဖြစ်ပေးလေ့ရှိတယ်။
ဘေးထွက်သက်ရောက်မှုတွေ = အိပ်ချင်မယ်၊ ခေါင်းမူး၊ မျက်စိကြည့်မကောင်း၊ ဝမ်းချုပ်၊ အာခေါင်၊ လည်ပင်း၊ နှာခေါင်းခြောက်၊ စိတ်တက်ကြွ၊ ပျို့ချင်၊ စိတ်လှုပ်ရှား၊ ဂနာမငြိမ်ဖြစ်၊ သုတေသနတခုအရ 8–12 mg ကို ၅ ရက်ပေးရင်၊ ကြီးထွားဟော်မုန်းထုတ်တာ နည်းတယ်လို့ သိရတယ်။
ဒီဆေး မပေးသင့်သူတွေ = နာတာရှည်ရောဂါရှိနေသူ၊ မျက်စိရေတိမ်၊ ယောက်ျားဆီးကျိတ်ရောဂါ၊ အစာအိမ်လေနာ၊ ကိုယ်ဝန်ဆောင်နဲ့ ကိုယ်ဝန်ဆောင်ဘို့အလားအလာရှိနေသူ၊ ကလေးနို့တိုက်နေသူတွေ ဒီဆေးမပေးသင့်ပါ။
အထူးသတိပေးချက် = FDA အမေရိကန် အစားအသောက်နဲ့ဆေးဝါးအာဏာပိုင်အဖွဲ့ကနေ အထူးသတိပေးချက်တခုကို ၉-၁ဝ-၂ဝဝ၈ နေ့က ထုတ်ထားတယ်။ သူတို့ဆီမှာ ရောင်းကုန်နာမည် Periactin အနေနဲ့လာတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment