NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန် ့ပေါင်းအစိုးရ (NCGUB) သည် (၁၉၉ဝ) ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၏ လျှို့ဝှက် အစည်းအဝေး သဘောတူညီချက်များအား အခြေခံလျက်၊ လွတ်မြောက်နယ်မြေရှိ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) နှင့် မြန်မာနိုင်ငံဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် (DAB) တို့၏ အခိုင်အမာ ကူညီထောက်ခံမှုများဖြင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ၁၈-၁၂-၁၉၉ဝ နေ့တွင် ထိုင်း-မြန်မာနယ်စပ်အနီး၊ မြန်မာနိုင်ငံမြေပေါ်ရှိ (မာနယ်ပလော) ၌ စတင်ဖွဲ့စည်းပြီး၊ လွတ်လပ်သော၊ ငြိမ်းချမ်းသော၊ ညီညွတ်သော၊ သာယာဝပြောသော၊ ခေတ်မီသော ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေးအတွက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရကို ဖွဲ့စည်း တည်ထောင်လိုက်သည်ဟု ပါရှိသည်။


၁၈-၁၂-၁၉၉ဝ နေ့က ဖွဲ့သည့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းနှင့် ဝန်ကြီးအဖွဲ့ဝင်များမှာ ဦးဝင်းကို၊ ဦးပီတာလင်းပင်၊ ဦးသန်းကြွယ်၊ ဦးလှဖေ၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဦးထွန်းဦးတို့ဖြစ်ကြသည်။ ၂၅-၄-၁၉၉၁ နေ့တွင် အစိုးရကို ပြင််ဆင်တိုးချဲ့ဖွဲ့စည်းရာ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းနှင့် ဝန်ကြီးများအဖြစ် ဦးဝင်းကို၊ ဦးလှဖေ၊ ဦးပီတာလင်းပင်၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဦးထွန်းဦး၊ ဦးမောင်မောင်အေး၊ ဦးမြင့်မောင်၊ ဒေါက်တာစန်းအောင်နှင့် ဦးလှဦးတို့ပါဝင်ကြပြီး၊ အိန္ဒိယသို့ရောက်ရှိနေသော ဒေါက်တာတင့်ဆွေအား အစိုးရ၏ အကြီးတန်းကိုယ်စားလှယ်အဖြစ် တာဝန်ပေးခဲ့သည်။ ၁၉၉၂ ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့တွင် မာနယ်ပလောစာချုပ်ခေါ် ဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံတော် တည်ဆောက်ရေး သဘောတူညီချက်ကို အမျိုးသားညွန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း၊ မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ဥက္ကဌ စောဘိုမြ၊ အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) ဥက္ကဌ နိုင်ရွှေကျင်၊ အမျိုးသားဒီမိုရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) (NLD/LA) အတွင်းရေးမှူး ဦးတင်အောင်တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။ ၁၉၉၅ ခု၊ ဇူလိုင်လ (၁၆) ရက်မှ (၂၃) ရက်အထိ ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ပထမအကြိမ်ညီလာခံကို ဆွီဒင်နိုင်ငံ၊ ဗွန်မာစဗစ်မြို့၌ ကျင်းပခဲ့ပြီး၊ အစိုးရ၊ ဝန်ကြီးအဖွဲ့သစ် ပြန်လည် ရွေးချယ် ဖွဲ့စည်းရာ ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း၊ ဝန်ကြီးများအဖြစ် ခွန်တယ်ဒီဘူးရီ၊ ဒေါက်တာတင့်ဆွေ၊ ဦးဘိုလှတင့်၊ ဒေါက်တာစန်းအောင်၊ ဦးမောင်မောင်အေး၊ ခွန်မားကိုဘန်း၊ ဦးသိန်းဦး၊ ဒေါက်တာဇလှယ်ထန်းနှင့် ဦးသာနိုးတို့ ဖြစ်ကြသည်။


၂ဝဝဝ ခု၊ အောက်တိုဘာလ (၂) ရက်မှ (၇) နေ့အထိ၊ အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့တွင်ကျင်းပသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ညီလာခံသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၉) ဦး၊ ဒါရိုက်တာများ၊ ကိုယ်စားလှယ်များ၊ အကြံပေးများနှင့် အရာရှိများ စုစုပေါင်း (၂၆) ဦး တက်ရောက်ခဲ့ကြသည်။ ပြင်ဆင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် ဒေါက်တာ စိန်ဝင်းနှင့် ဝန်ကြီးများအဖြစ် ခွန်မားကိုဘန်း၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဦးမောင်မောင်အေး၊ ဦးမြဝင်း၊ ဒေါက်တာတင့်ဆွေ၊ ဒေါက်တာစန်းအောင်၊ ဦးသာနိုးတို့ ပါဝင်ကြသည်။ ဦးမြဝင်းသည် အစိုးရအဖွဲ့တာဝန်မှ နားသဖြင့် ဒေါက်တာတင့်ဆွေသည် ဝန်ကြီးချုပ်ရုံးဝန်ကြီး အဖြစ်တာဝန်ယူသည်။ ဦးမောင်မောင်အေးသည် ပညာ-ကျန်းမာဝန်ကြီးအဖြစ် ပြောင်းလဲထမ်းဆောင်သည်။


၂၅-၂-၂ဝဝ၂ မှ ၂-၃-၂ဝဝ၂ နေ့အထိ ဆွီဒင်နိုင်ငံ၊ ဗွန်မာစဗစ်မြို့၌ကျင်းပသည့် ဒုတိယအကြိမ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ညီလာခံသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၁၉) ဦး တက်ရောက်ခဲ့သည်။ ပြင်ဆင်ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း နှင့် ဝန်ကြီးများအဖြစ် ဒေါက်တာစန်းအောင်၊ ဒေါက်တာတင့်ဆွေ၊ ခွန်မားကိုဘန်း၊ ဦးသိန်းဦး၊ ဦးမောင်မောင်အေး၊ ဦးဘိုလှတင့်၊ ဦးသာနို့ တို့ပါဝင်သည်။


၂ဝဝ၄ခုနှစ် မတ်လ (၂၁) မှ (၂၄) နေ့အထိ အမေရိကန်ပြည်ထောင်စု၏ ဝါရှင်တန်မြို့တော်တွင် တတိယအကြိမ် ပြည်သူ့လွှတ်တော် ညီလာခံကျင်းပရာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂ဝ) ဦးတက် ရောက်ခဲ့ကြသည်။ ပြင်ဆင် ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းနှင့် ဝန်ကြီးများအဖြစ် ဒေါက်တာစန်းအောင်၊ ဒေါက်တာတင့်ဆွေ၊ ဦးဘိုလှတင့်၊ ခွန်မားကိုဘန်းတို့ပါဝင်ကြသည်။ အဆိုပါညီလာခံမှ ဖွဲ့စည်းသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ ဦးဆောင်ကော်မတီတွင် ဥက္ကဌ ခွန်တယ်ဒီဘူးရီ၊ ဒု-ဥက္ကဌ ဦးပီတာလင်းပင်၊ အတွင်းရေးမှူး ဒေါ်စန်းစန်း၊ ကော်မတီဝင် ဦးမောင်မောင်လတ်နှင့် ဦးမောင်မောင်အေး တို့ပါဝင်ကြသည်။


၂ဝဝ၆ ခုနှစ် ပြည်ထောင်စုနေ့၌ ဖက်ဒရယ်ဖွဲ့စည်းပုံအခြခံဥပဒေတွင် အခြေခံရမည့် မူကြီး(၈)ချက်ကို ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးကြသည်။ ၂ဝဝ၆ ခုနှစ် ဇူလိုင်လ (၁ဝ-၁၅) ရက်၊ အီတလီနိုင်ငံ၊ တူရင်မြို့၌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ စုံညီ အစည်းအဝေးကျင်းပရာ သြစတြေးလျနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နော်ဝေနိုင်ငံ၊ နယ်သာလင်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၆) ဦးတက် ရောက်ခဲ့ကြသည်။ တော်လှန်ရေးအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးခဲ့သည်။ ဤဆိုပါ အစည်းအဝေးတွင် ဦးသိန်းဦးအား ဖွဲ့စည်းပုံနှင့်ဥပဒေရေးရာဝန်ကြီးအဖြစ်ထည့်သွင်းခဲ့သည်။


၂ဝဝ၈ ခုနှစ် ဖေဖေါ်ဝါရီ (၁၄) မှ (၁၉) ရက်အထိ၊ ထိုင်း-မြန်မာနယ်စပ်၌ကျင်းပသော စတုတ္ထအကြိမ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ ညီလာခံ (ပဌမပိုင်း) သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၂၄) ဦးတက် ရောက်ခဲ့ကြသည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ကို ပြန်လည်ရွေးကောက်တင်မြှောက်ရာ ဥက္ကဌအဖြစ် ဦးတက်ဒီဘူရီ၊ ဒု ဥက္ကဌ အဖြစ်ဒေါ်စန်းစန်း၊ အတွင်းရေးမှူးအဖြစ် ဦးသိန်းဦး၊ တွဲဖက် အတွင်းရေးမှူး အဖြစ် ဦးခွန်မြင့်ထွန်း၊ ဦးဆောင်ကော်မတီဝင်များအဖြစ် ဦးလှဦး၊ ဦးနိုင်သောင်းရှိန်၊ ဦးဝင်းလှိုင်တို့ ရွေးချယ်ခြင်း ခံကြရသည်။


၂ဝဝ၉ ဇန္နဝါရီ (၂ဝ) မှ (၂၃) ရက်အထိ၊ အိုင်ယာလန်နိုင်ငံ၊ ဒပ်ဗလင်မြို့အနီး၊ မာလာစိုက်တွင်ကျင်းပသည့် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ညီလာခံ (ဒုတိယပိုင်း) ကျင်းပပြီး၊ ဝန်ကြီးချုပ်အဖြစ် ဒေါက်တာစိန်ဝင်းအား မဲပေးရွေးချယ်၍၊ ဝန်ကြီးများအားလည်း ပဌမဆုံးအကြိမ် မဲပေးအတည်ပြုခဲ့ရာ၊ ဦးဘိုလှတင့်အား နိုင်ငံခြားရေးဝန်ကြီး၊ ဒေါက်တာတင့်ဆွေအား ပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဝန်ကြီး၊ ဦးခွန်မာကိုဘန်းအား ဖက်ဒရယ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး၊ ဦးဝင်းလှိုင်အား ဝန်ကြီးချုပ်ရုံးဝန်ကြီး၊ ဦးခွန်မြင့်ထွန်းအား အလုပ်သမားရေးရာဝန်ကြီး နှင့် ဦးထွန်းဝင်းတို့ ပညာရေးဝန်ကြီးအဖြစ်ပါဝင်ကြသည်။


NCGUB ၏ ဦးစားပေးလုပ်ငန်းစဉ်များ

(၁) အဓိကနိုင်ငံရေးလုပ်ရှားမှု၊

(၂) အရည်အချင်းမြှင့်တင်ရေးအစီအစဉ်၊

(၃) ဒီမိုကရေစီဖွံ့ဖြိုးရေးကော်မတီ၊

(၃) ဒီမိုကရေစီလှုပ်ရှားမှုကြီးအား ထောက်ကူရေးအစီအစဉ်နှင့် မဟာမိတ်ဆက်ဆံရေး၊

(၄) အသွင်ကူးပြောင်းရေးအစီစဉ်၊

(၅) ရုံးများ

- မူရင်းအစ မာနယ်ပလော၊ ထိုင်း-မြန်မာနယ်စပ်၊ မြန်မာနိုင်ငံ၊

- ဝန်ကြီးချုပ်ရုံး = ဝါရှင်တန်၊ (ဒီစီ)၊ ထို့နောက် မေရီလင်း၊ အမေရိကန်ပြည်ထောင်စု၊

- ကုလသမဂ္ဂဆိုင်ရာရုံး = နယူးယောက်၊ အမေရိကန်ပြည်ထောင်စု၊

- မြန်မာနိုင်ငံအရှေ့ဖက်ရုံး = ဘန်ကောက်မြို့၊ နယ်စပ်ရုံး၊ မဲဆောက်မြို့၊ ထိုင်းနိုင်ငံ၊

- မြန်မာနိုင်ငံ အနောက်ဖက်ရုံး = နယူးဒေလီမြို့၊ အိန္ဒိယနိုင်ငံ။


မှတ်ချက်။

ဝန်ကြီးအဖွဲ့မှ ဦးသန်းကြွယ်၊ ဦးမြင့်မောင်တို့ ပြည်တွင်းသို့ အစိုးရဖွဲ့ပြီး ရက်ပိုင်းအတွင်း ပြန်ဝင်ကြသည်။ ဦးဝင်းကိုသည် တရုပ်နိုင်ငံ၌လည်းကောင်း၊ ဦးလှဖေသည် ထိုင်းနိုင်ငံ၌လည်းကောင်း လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။ အစိုးရအဖွဲ့ထဲတွင် ပြည်ပသို့ရောက်ရှိလာကြသည့် ၁၉၉ဝ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ကြသော ပြည်သူ့ လွှတ်တော်ကိုယ်စားလှှယ်များသာ ပါဝင်သည်။


ဘဏ္ဍာရေးအတွက် အခြားမှမရမီ KNU မှ ကူညီခဲ့သည်။ ထို့နောက် နော်ဝေအစိုးရနှင့် ဝါရှင်တန်အခြေစိုက် NED မှ ကူညီသည်။ ထို့ပြင် ဆိုးရော့ဖေါင်ေးရှင်းအပါအဝင် အခြား အဖွဲ့အစည်းအချို့မှလည်း အကန့်အသတ်ဖြင့် ကူညီခဲ့ကြသည်။ နိုင်ငံတကာ အထောက်အကူသည် ၂ဝဝ၈ ခုနှစ်အထိ နောက်ဆုံးရရှိခဲ့သည်။


DVB ဒီမိုကရက်တစ် မြန်မာ့အသံ တည်ထောင်ခြင်း၊ NHEC အမျိုးသား ပညာရေးနှင့် ကျန်းမာရေး ကော်မတီ ဖွဲ့စည်းခြင်း၊ EBO ဥရောပ-မြန်မာရုံး ဖွင့်လှစ်ခြင်း၊ NRP အမျိုးသားသင့်မြတ်ရေးအစီအစဉ် ဖြစ်မြောက်ရေး တို့အတွက် NCGUB မှ ဦးစီးဆောင်ရွက်ခဲ့သည်။စစ်အစိုးရမှ ကြိုက်သလို ရေးသားအတည်ပြုထားသည့် ၂ဝဝ၈ မြန်မာနိုင်ငံဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ နိုင်ငံတော်အလံသည် NCGUB ၏ အလံနှင့် တထပ်တည်းတူညီနေသည်။


အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ အကြိမ်ကြိမ်ဆွေးနွေးတိုင်ပင်ပြီးနောက် NCGUB အစိုးရအဖွဲ့ကို ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့တွင် ဖျက်သိမ်းလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုသို့ မလာရောက်မီဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ (ဘာမား-ဖန်းဒ်) ယခုအထိ ဒေါက်တာစိန်ဝင်းနှင့် ဒေါက်တာတင့်ဆွေတို့က တာဝန်ယူနေသည်။


Parliamentarians who died in custody:

1. Tin Maung Win, NLD MP-elect, Kha Yan 1, Rangoon Division, died on 18 January 1991.

2. Hla Than, NLD MP-elect, Co Co Island, Rangoon Division, died on 2 August 1996.

3. Saw Win (a.k.a Kyaw Zaw Lin), NLD MP-elect, Htee Lin, Magwe Division, died on 7 August 1998.


Parliamentarians who died soon after the release:

Kyaw Min, NLD MP-elect, Bassein West 2, Irrawaddy Division, died on 1 July 1999.

San San Win (Mrs.), NLD MP-elect, Ahlon, Rangoon Division, died in 2000.

Hla Maung, POCL MP-elect, Kya-in-seik-kyi, Karen State, died on 27 November 2003.


Parliamentarians who were assassinated:

1. Win Ko, exiled NLD MP-elect, Ye Oo 2, Sagaing Division, was assassinated in Kumming, China, on 1 November 1992.                                                                    

2. Hla Pe, exiled NLD MP-elect, Pyaw Bwe 2, Mandalay Division, was assassinated outside Bangkok, Thailand, on 16 June 1993.


ဓါတ်ပုံ = ၁၄-၁၂-၁၉၉၉ ဆွီဒင်နိုင်ငံ၊ Bommersvik ဗွန်မားစဗစ်တွင် ကျင်းပသည့် ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစည်းအဝေး တက်ရောက်ကြသူများ


ဒေါက်တာတင့်ဆွေ

၁၅-၁၁-၂ဝ၁၃


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်