Appendicitis treatment with Antibiotics အူအတက်ရောင်တာ မခွဲဘဲရသလား
၂။ ဆရာ ကျွန်မ အူအတက်ခွဲထားတာ ၃ ပတ် ရှိပြီ။ မန်းရေထွက်နေတုန်းပဲဆရာ။ flumix တနေ့ ၃ ကြိမ် သောက်တယ်ဆရာ။ အကြံပေးပါအုံးဆရာရှင်။ ကျေးဇူးတင်ပါတယ်ရှင်။
အူအတက် ရောင်တယ်ဆိုတာ အဆင့် အမျိုးမျိုးရှိတယ်။
ပဌမတမျိုး Acute Appendicitis ရုတ်တရက် ရောင်ခြင်း
• ချက်ချင်း ဗိုက်နာမယ်၊ နာတာကလဲ မခံမရပ်နိုင်အောင် နာမယ်၊ နာတဲ့နေရာက ဗိုက် အောက်ပိုင်း၊ ညာဘက် ဒေါင့်နေရာမှာ တိတိကျကျ နာမယ်။ လမ်းေလျှောက်ရင် ခါးမတ်ပြီး မလျှောက်နိုင်ဘူး။
• ဆရာဝန်က (၁) အူအတက်ရှိတဲ့ သတ်သတ်မှတ်မှတ် နေရာကို ဖိရင် လူနာမှာ ပိုနာလာတယ်။ (၂) အူအတက် ရှိရာ နာတဲ့နေရာ အောက်တည့်တည့်ကို ဖိထားရင်း ဆတ်ကနည်း ဖိထားတဲ့လက်ကို လွှတ်လိုက်တဲ့အခါ တချက် ထပ်နာလိမ့်မယ်။ (၃) ဗိုက်အောက်ပိုင်း ဘယ်ဘက် (ပြောင်းပြန် နေရာ) ကို ဖိပြီး ညာဘက်ဆီ တွန်းကြည့်ရင် အူအတက်ရှိတဲ့နေရာမှာ နာလာမယ်။
• အဖျား နည်းနည်းကနေ များများအထိ တက်နေမယ်။ တချို့ အန်မယ်။
• အထဲမှာ အူအတက်က ရောင်နေလိမ့်မယ်။ ရောင်တယ်ဆိုတာ ဖေါင်းနေမယ်၊ နီနေမယ်။ မန်းရည်လေးတွေ ထွက်လာနေမယ်။
• ဒီအဆင့်တွေ့ရင် ချက်ချင်း နေ့နေ့ ညည ခွဲစိတ်ကုသရမယ်။
ဒုတိယတမျိုး Appendiceal abscess အူအတက် ပြည်တည်ခြင်း
• မခွဲဘဲ နေရင် ပိုဆိုးလာနိုင်တယ်။
• အူအတက်က ရောင်ရာကနေ ပြည်တည်လာမယ်။
• အူအတက် ဗိုက်ထဲမှာ ပေါက်ထွက်လို့ အရေးပေါ် ခွဲစိတ်ကုသရမယ်။
တတိယတမျိုး Chronic Appendicitis or Appedicular lump ရက်ရှည် ဒါမှမဟုတ် အစိုင်အခဲဖြစ်ခြင်း
• တကယ်လို့ ပြည်မတည်ဘဲ၊ ဆေးတွေဘာတွေ သောက်လို့၊ ပိုးကလဲ အပြင်းစား မဟုတ်လို့၊ လူနာကလဲ ကိုယ်ခံ ကျန်းမာရေး ကောင်းလို့ဆိုရင် သက်သာလာမယ်။ ဒါပေမဲ့ စိတ်မချရသေးဘူး။
• ဆရာဝန်ကနေ စောစာကအတိုင်း စမ်းသပ်ရင် သိပ်ကြီးမနာဘူး။ ဒါပေမဲ့ အူအတက်ရှိရာမှာ အစိုင်အခဲလို စမ်းတွေ့မယ်။ သူ့ကို ဖိကြည့်ရင်တော့ နာပေမဲ့ သိပ်အနာကြီး မဟုတ်ဘူး။ အဖျားလဲ ကျနေနိုင်တယ်။
• ဒီအဆင့်တွေ့ရင် မခွဲသေးဘဲ ဆေးပေးမယ်။ ၃ လလောက်နေရင် အေးအေးဆေးဆေး ခွဲစိတ်ထုတ်ပြစ်ရမယ်။
နောက်ပြီး နေရာကတော့ အူအတက်ဖြစ်ပေမဲ့ တခြားအင်္ဂါတွေမှာ ရောဂါရတာလဲ ဖြစ်တယ်။ ဥပမာ အမျိုးသမီးဆိုရင် သားအိမ် ညာဘက်ပြွန်ရောင်တာ၊ သံကောင်၊ အူမကြီးရောင်တာ၊ အူထဲကို အူတိုးဝင်တာ၊ တခြားရှာပါးတာတွေ ဖြစ်နိုင်တယ်။
Complications of appendicitis အူအတက်ရောင်တာ ဘာဆက်ဖြစ်နိုင်သလဲ -
• အများဆုံးဖြစ်နိုင်တာက Perforation ပေါက်ထွက်တာပါ။ အူအတက်ရောင်လို့ စပြီးနာတဲ့နောက် ၃၆ နာရီအကြာမှာ လူနာ ၁၅% က ပေါက်ထွက်နိုင်တယ်။
• Peri-appendiceal abscess ပြည်တည်နာ ဖြစ်နိုင်တယ်။
• Diffuse peritonitis ဗိုက်အတွင်းဖုံးအလွှာ ရောင်နိုင်တယ်။
• အဖြစ်နည်းတဲ့ နောက်ဆက်တွဲ ရောဂါကတော့ Obstruction of the intestine အူပိတ်ဆို့တာ ဖြစ်တယ်။
• ကြောက်စရာကောင်းတာက Sepsis ရောဂါပိုးတွေ သွေးထဲရောက်တာ ဖြစ်တယ်။
ဆွီဒင် သုတေသနတခုအရ -
• အသက် ၁၅-၅ဝ နှစ်အရွယ် ယောက်ျား ၂၅၂ ယောက်ကို လေ့လာထားတယ်။ ရောင်တယ်၊ နာတယ်ဆိုသူတွေကိုသာ လေ့လာတာ ဖြစ်တယ်။ ပေါက်ထွက်သူမပါဘူး။ ပိုးသေဆေးကို အကြောထဲ ၂ ရက်သွင်းပေးပြီး ပါးစပ်ကနေ ၁ဝ ရက် ဆက်သောက်စေတယ်။ ၂၄ နာရီအတွင်း ဆေးကနေ မနိုင်ရင် ခွဲစိတ်ရတယ်။
• အနည်းငယ် နဲ့ အသင့်အတင့် အူအတက်ရောင်သူတွေကို ပဋိဇီဝဆေးပေးရင် ပေါက်ထွက်သွားတာ နည်းတယ်။ ဘယ် % က မခွဲဘဲနေလို့ရသလဲ ပြောဘို့ခက်တယ်။ ပြန်ဖြစ်-မဖြစ်လဲ ပြောမရဘူး။
• ၁၅ ယောက် (၁၂%) ဟာ ဆေးပေးနည်း တခုထဲနဲ့မရဘူး။ ခွဲစိတ်ပေးလိုက်ရတယ်။
• ခွဲတော့ ၅% က ပေါက်ထွက်တဲ့ အဆင့်ရှိနေတာ တွေ့ရတယ်။ ဒါ့ကြောင့် ၂၄ နာရီစောင့်တာ ပိုမဆိုးဘူး။
• ၈၈% က မခွဲရဘဲ သက်သာကြတယ်။ ဒါ့ကြောင့် အနည်းငယ် နဲ့ အသင့်အတင့် အူအတက်ရောင်သူတွေကို ဆေးပေးကုသတာ ထိရောက်မှု ကောင်းတယ်။ နောက် ၅ နှစ်ကြာတော့ ၂၄% ဟာ ပြန်ဖြစ်တယ်။ တနှစ်အတွင်းဖြစ်ကြသူက ပိုများတယ်။ ပြန်ဖြစ်သူတွေကို ခွဲစိတ်ကုသရမယ်။
• သုတေသနကို ချုပ်ကြည့်ရင် အနည်းငယ် နဲ့ အသင့်အတင့် အူအတက်ရောင်သူတွေကို ခွဲစိတ်ဘို့ မလုပ်ချင်သူ၊ အခွဲမခံနိုင်သူ၊ ခွဲမပေးနိုင်တဲ့နေရာ ဆိုရင် ပိုးသေဆေး ပေးတာဟာ ကျေနပ်စရာနည်း ဖြစ်တယ်။
• World Journal Surgery မှာ ၂၇-၉၂ဝဝ၆ နေ့က ထုတ်ပြန် ရေးသားချက် ဖြစ်ပါတယ်။ (ယောက်ျား-မိန်းမ ဒီရောဂါမှာ ကွာစရာမရှိပါ။)
ပြင်သစ်သုတေသနတခုအရ -
• ပဋိဇီဝဆေး ၂ မျိုးတွဲ (Amoxicillin + Clavulanic acid) ပေးတာဟာ Uncomplicated acute appendicitis ပြဿနာမကြီးတဲ့ အူအတက်ရောင် ရောဂါအတွက် ကောင်းတယ်။
• ပြင်သစ် ဆေးတက္ကသိုလ်-ဆေးရုံ ၆ ခုက အသက် ၁၈ နှစ်အထေက် လူနာ ၂၄၃ ယောက်ကို စမ်းသပ်တာဖြစ်တယ်။
• လူနာတဝက်ကို Amoxicillin + Clavulanic acid (3 g/day) ၈ ရက်ပေးတယ်။ ကျန်တဲ့ တဝက်ကို Emergency appendicectomy အရေးပေါ် ခွဲစိတ်မှု လုပ်ပေးတယ်။ ဆေးကုနည်းတွေ လုပ်ပြီးနောက် ရက် ၃ဝ အကြာမှာ Peritonitis ဗိုက်အတွင်းလွှာရောင်သလား၊ မရောင်ဘူးလား၊ ဆန်းစစ်တယ်။
• ဆေးချည်းပေးထားသူထဲက ၈% မှာ ဗိုက်အတွင်းလွှာ ရောင်ပြီး ခွဲစိတ်ပေးသူထဲက ၂% မှာ ဗိုက်အတွင်းလွှာ ရောင်တယ်။
• ခွဲစိတ်ပေးသူတွေထဲက ၁၈% မှာ စောစာက CT-scan assessment လုပ်ထားပေမဲ့ မထင်မှတ်ဘဲ ရှုတ်ထွေးတဲ့ အူအတက်ရောင်တာနဲ့ ဗိုက်အတွင်းလွှာ ရောင်တာပါ တွေ့ရတယ်။
• ဆေးချည်းပေးထားသူတွေထဲက ၁၂% ကို ခွဲစိတ်ပေးလိုက်ရတယ်။
• မခွဲရသေးသူထဲက ၂၆% မှာ တလ နဲ့ တနှစ်အတွင်း ပြန်ဖြစ်ကြတယ်။
• သုတေသနကို ချုပ်ကြည့်ရင် Acute uncomplicated appendicitis ချက်ချင်းဖြစ်၊ ပြဿနာလဲမပါ၊ အူအတက်ရောင်တာအတွက် Emergency appendicectomy အရေးပေါ် ခွဲစိတ်ကုသခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
• ၅-၅-၂ဝ၁၁ Lancet မှာ ထုတ်ပြန် ရေးသားချက် ဖြစ်ပါတယ်။
ဒုတိယမေးသူ အခုရေးပြတဲ့အထဲက ဘာနဲ့ အနီးစပ်ဆုံးလဲ။ ဘယ်အဆင့်လဲ။ အဖျားနဲ့ အနာကိုကြည့်ရင် မှန်းလို့ရတယ်။ ၄ ရက်အထိ နေနိုင်ရင် အူအတက် ပေါက်ထွက်တာ ပြည်တည်နေတာ မဟုတ်နိုင်တော့ဘူး။ လူနာကို မစမ်းရပေမဲ့ ဒုတိယအမျိုး နဲ့ တတိယအမျိုးကို သံသယရှိတယ်။ ပဋိဇီဝဆေး ထိုးရမယ်။ သောက်ရင်လဲရတယ်။ အစားအသောက် လုံးဝဆင်ခြင်ပါ။ အမာမစားရ။ ထမင်း-ခေါက်ဆွဲ မစားရ။ ရေ-အရည် ကိုသာသောက်ပြီး D/W + D/S (ဒရစ်) သွင်းရမယ်။ တနေ့ ၃-၄ လုံးသွင်းရမယ်။ ဆေးမဟုတ်ပါ။ ပါးစပ်က မစားရလို့ အားနည်းတာ ကာမိဘို့သာ ဖြစ်တယ်။ သက်သာလာမှ ဆန်ပြုတ် စတာမျိုး သောက်ရမယ်။ ဝမ်းနုတ်ဆေး မသောက်ရ။ မသက်သာရင် ခွဲသာခွဲပါ။ ကိုယ်ဝန်ပါတွဲရှိနေသူကို စမ်းသပ်ကုသပေးနေတဲ့ အိုဂျီညွှန်တာ လိုက်တာပါ။
ဓါတ်ပုံ = ၂၂-၄-၂ဝ၁၄ နေ့က ယမုန်နာဆေးခန်းမှာခွဲစိတ်ပေးတဲ့ အူအတက်
Dr. တင့်ဆွေ
၂၃-၄-၂၀၁၈
၂၃-၄-၂၀၂၁
Comments
Post a Comment