ကျားရဲငါ
နေပြင်းလျှင် နှင်းမှုန်လျှင်
ဆွေ့ဆွေ့ခုန် အိုက်လိုအိုက်
ခိုက်ခိုက်တုန် ချမ်းလိုချမ်း။
အခန်းကျဉ်းကျဉ်း
အလင်းမဝင် လေမဝင်
နေမမြင် လမမြင်
လူမမြင် သူမမြင်
ထိုင်လျှင်ထိုင် မထိုင်လျှင်ငေး
အိပ်လျှင်အိပ် မအိပ်လျှင်တွေး။
သတင်းမေးဖို့ ဝေးရော
သီချင်းလေးမှ မဆိုရ
စာဖတ်ဖို့ ဝေးရော
ကဗျာလေးမှ မစပ်ရ
တရားဟောဖို့ ဝေးရော
စကားလေးမှ မပြောရ။
အဟောသိက သံသရာ
ငါ့ကမ္ဘာ ပိစိကွေး
အခန်းကျဉ်းလေး ပတ်လျှောက်လိုက်
သံတံခါးဝ ရပ်လိုက်
တမတ်တတ်တတ် တနေကုန်။
မနေ့ကလည်း တနေကုန်
ဒီနေ့လည်း တနေကုန်
မနက်ဖြန်လည်း ကုန်အုန်းမယ်။
ကုန် ကုန် ကုန်
ကုန်ချင်သလောက် ကုန်စမ်း
တရက်ကုန်မလား တသက်ကုန်မလား
တလကုန်မလား တဘဝကုန်မလား
တနှစ်ကုန်မလား တခေတ်ကုန်မလား။
အားမလျှော့ဘူး မပျော့ဘူး
ပေဖြစ်တော့ခံမယ် တူဖြစ်တော့နှံမယ်။
အမှန်တရား ဒို့ဘက်မှာရှိတယ်
ပြည်သူအများ ဒို့ဘက်မှာရှိတယ်
ကာလယန္တရား ဒို့ဘက်မှာရှိတယ်
ရှင်တော်ဘုရား ဒို့ဘက်မှာရှိတယ်
သိကြရဲ့လား ဟား ဟား ဟား ဟား။
တိရစ္ဆာန်ရုံက ကျားလို
လှောင်အိမ်ထဲမှာ တလွန့်လွန့်နဲ့
ကျားညွန့်တုန်းတွေ ထင်သလား။
မှားလိုက်တဲ့အမြင်
ဟားတိုက်လို့ ရယ်ချင်စရာ။
မှတ်ထားဟေ့
အဝါပေါ်မှာ အနက်စင်း
မပျက်မယွင်း ကွက်ကွက်ကွင်း
အရှင်းသား မလွဲမရွေ့
အထင်းသား စွဲသရွေ့
ကျားရဲဟာ ကျားရဲ
ငါလည်း အဲဒီလိုပဲကွ ဟေ့။ ။
ဟံသာဝတီဦးဝင်းတင် (အင်းစိန်ထောင် ၁၉၉၁)
ဒီကဗျာကို တင်ကြတာ သတ်ပုံအမှားနဲ့ စာရိုက်အလွဲတွေ ဖြစ်နေတယ်။
အမှား - အမှန်
တို့ - ဒို့
တစ်ရက် - တရက်
တစ်သက် - တသက်
တစ်လ - တလ
တစ်ဘဝ - တဘဝ
တစ်နှစ် - တနှစ်
တစ်ခေတ် - တခေတ်
ရင် - လျှင်
မလုပ်ကောင်းပါ။ ကိုယ်တတ်ရင် ကိုယ့်ကဗျာမှာ ကိုယ့်သတ်ပုံနဲ ့ရေးကြပေါ့။ အမှန်အတိုင်း တင်ပေးသူ ကျေးဇူး။ https://whitesone.com/articles/hanthruwtinkyaryengar/
ဒေါက်တာတင့်ဆွေ
Comments
Post a Comment