ကျဆုံးလေပြီးသော ပန်းပွင့်များ

ဤမြေချာ၌

စကားဝါနံ့၊ ယစ်ထုံပျံ့ခဲ့

သွေးနံ့ညှီနံ့၊ မေ့ဆေးနံ့နှင့်

ယမ်းနံ့မြမြသင်းရဘိ။ 

 

ဤမြေချာ၌

ဖြူပြာဆန်းတင့်၊ လှမျက်ပွင့်တို့

စစ်ဘုရင့်မိန့်၊ မိုးချုံးသိမ့်က

လူးလှိမ့်လဲကျ တိမ်းရဘိ။ 

 

ဤမြေချာ၌

ရာဇဝင်မြောက်၊ မကြောက်ရဲရင့်

သွေးနဲ့အသိ၊ လဲရရှိသည်

သတိပညာ ပေးခဲ့ဘိ။ 

 

ဤမြေချာ၌

စစ်သံခွာတပ်၊ ဘိနပ်ရာထင်

ပလ္လင်ယဇ်ကွန်း၊ ကျောက်တိုင်ဝန်း၌

ညှိထွန်းဆီမီး ပူဇော်ဘိ။ 

 

ဤမြေချာ၌

ကျလာမျက်ရည်၊ ပြည်သူတို့၏

ကွဲသည့်နှလုံး၊ မျိုသိပ်ဖုံး၍

ယူကျုံးမရ လွမ်းလှဘိ။ 

 

ဤမြေချာ၌

မာလာဝိညာဉ်၊ အောင်လံတင်ပြီး

စည်းရုံးအားစု၊ လှုပ်ရှားမှုဖြင့်

ပြည်သူ့အာဏာ ဆင်ကြအံ့။ 

 

ဒဂုန္တာရာ

အလင်္ကာ ကဗျာပေါင်းချုပ်။ ရန်ကုန်၊ ချိုးဖြူစာပေ၊ ၁၉၆၂။ စာ ၁၄၇ - ၁၄၈ မှ

Comments

Popular posts from this blog

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

Indonesian Model အင်ဒိုနီးရှား ဒွိစုံနမူနာ