အတိတ် ဘီလူး

အတိတ်ကြီး ပြောနေမယ်ဆို ပြီးဆုံးတော့မှာ မဟုတ်ပါတဲ့။


အဲလိုကွန်မင့်မျိုး တခါတခါလာပါတယ်။ အတိတ်မလှန်နဲ့လို့ ပြောသူအတိုင်းပဲ။ အဲလိုပြောသူကို ရာထူးကဖြုတ်ချပြီး ထောင်ချလိုက်တဲ့ သူ့ဆရာက နောက်ကြောင်းပြန်အရေ မယူရတဲ့။ ကျောင်းတွေမှာ သမိုင်းဘာသာရပ်ကို အခုထိတော့ သင်ပေးတယ်။ မြန်မာပြည်မှာ စစ်တပ်ကအာဏာသိမ်းတာ သုံးခါရှိပြီ။ အတိတ်ဘီလူး၊ အတိတ်သရဲ၊ အတိတ်ငရဲ။


ကျွန်တော်ကတော့ ဆရာဝန်ဖြစ်တော့ ရောဂါရာဇဝင် မေးရ ရေးရပါတယ်။ ကရိုနာဖြစ်လာတော့ Pandemic ရောဂန္တရကပ်ကြီးသမိုင်းစာပြုစုရတယ်။ ဘီစီ ၄၂၉-၄၂၆ ဂရိမှာ ပလိပ်ကပ်ကြီးဖြစ်လို့ လူပေါင်း ၇ သောင်းခွဲကနေ ၁ သိန်း သေဆုံးခဲ့တာကနေစတယ်။ ဆရာဝန်တွေက ကရိုနာဗိုင်းရပ်စ်အုစုဝင် ဆားစ်နဲ့ မားစ်အကြောင်းကိုလည်း ပြန်လှန်ကြရတယ်။


ဆရာမင်းသုဝဏ်ကဗျာကိုပါ အမှတ်ရတယ်။ အတိတ် ဘီလူးတဲ့။


တကိုယ်တည်းသာ တညခါက

ငါလျှင်အိမ်ဝင်း မြေတလင်း၌

တွေးရင်း တောရင်း ထိုင်သတည်း။

တွေးကာ တောကာ ထိုအခါ၌

ကြီးစွာအမိုက် ညဉ့်မှောင်တိုက်ကို

ထိုးရိုက်ဖေါက်ခွဲ တင်းပုတ်စွဲလျက်

ပြူးပြဲမျက်လုံး ဒေါရောင်ဖုံးလျက်

စွယ်စုန်းငေါငေါ မွေးသောသောနှင့်

ယက္ခောပြိတ္တာ ငါ့ဆီလာလျက်

ချောက်လှာ သတ်မည်ပုတ်မည်တည်း။

ငါလည်းကြောက်လန့်

ကြက်သေတန့်လျက်

မျက်ဆန့်ပြူးကျယ် နေခါဝယ်၌

မယ်မယ်ငါ့မိ ထွက်လာဘိ၍

မချိခံစား အိုမေ့သား

မှောင်ကြားထွက်လာ ဤပြိတ္တာကား

သားမှာဖြစ်လျက် ရှေးဖြစ်ပျက်ဟု

အနက်ထွေထူး တိတ်ဘီလူးတည့်

မျက်ပြူးချောက်လှန့် သားမလန့်နှင့်

ထက်ချွန့်အသွား လစ်လျူဓါးကို

ငါ့သားစွဲကာ ခုခံပါဟု

ပေးလှာငါ့မိ ဓါးကိုတည်း။

ငါ့မိပေးသွား လစ်လျူဓါးကို

ယောက်ျားပြီပြီ ငါမြှောက်ချီ၍

မထီလေးစား ဘီလူးသားကို

ထွားထွားညက်ကျေ ခုတ်စဉ်းလေမှ

ပြေပြေညင်းညင်း လေချိုသွင်း၍

လင်းရှေ့မှာ ပေါ်သတည်း။


အတိတ်ကို ကြောက်နေခြင်းဟာ စိတ်ရောဂါအခြေအနေတခုဖြစ်တယ်။ အတိတ်မေ့ခြင်းဟာ ဦးနှောက်ရောဂါတခု ဖြစ်ပါတယ်။ အတိတ်ကို သိအောင်မလုပ်ခြင်းဟာ အ,ခြင်းဖြစ်တယ်။


ဒေါက်တာတင့်ဆွေ

၂၀-၄-၂၀၂၀

၂၀-၄-၂၀၂၁


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း