စစ်ရေးနည်းလမ်းနဲ့ အပြောင်းအလဲ လုပ်နိုင်မလား

VOA အခု မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်သူတွေက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအားလုံးပါဝင်တဲ့ ဖယ်ဒရယ်တပ်မတော်တရပ်ပေါ်ထွန်းပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ဖို့ မျှော်မှန်းနေကြသလို၊ နိုင်ငံတကာက လက်နက်အင်အားနဲ့ ဝင်ရောက်စွက်ဖက်ရေးကို တောင့်တသံတွေလည်း ကြားနေရပါတယ်။ အခုမြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို လက်နက်အင်အား အသုံးပြုတဲ့နည်းနဲ့ ကျော်လွှားနိုင်မလား ဆိုတာကို ၁၉၉၀ ပြည့် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်၊ အဝေးရောက် ညွန့်ပေါင်းအစိုးရအဖွဲ့ဝင် တဦးဖြစ်ခဲ့တဲ့ ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။


မေး ။ ။ အခုမြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်နေတဲ့ လှုပ်ရှားမှုက အရှိန်မရပ်ပါဘူး။ တဘက်က နှိမ်နင်းမှုတွေ ပိုပြီးပြင်းထန်လာပေမယ့် ဆန့်ကျင်အုံကြွမှုဘက်ကလဲ နောက်မဆုတ်တာကို တွေ့ရပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ ပွဲပြတ်သွားနိုင်တဲ့ အခြေအနေ မရှိဘူးလို့လဲ တွက်ကြပါတယ်။ ပြည်တွင်းမှာနေတဲ့ လူတွေရဲ့ တွက်ချက်မှုတွေပါ။ ပြည်ပက မြင်နိုင်တာကတော့ ဖိအားတွေ သိပ်ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်တာလောက်ပဲ သိတယ်။ ဒါပေမဲ့ သိပ်လဲထိရောက်ပါ့မလားဆိုတာလဲ သံသယ ရှိတယ်။ ဆိုတော့ ဒီအခြေအနေမှာ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးဟာ ရုတ်တရက် လွယ်လွယ်ကူကူနဲ့ ဖြစ်လာနိုင်တဲ့ အခြေအနေကို မြင်ပါသလား။


ဖြေ ။ ။ ကျနော်လည်း မထူးဘူး။ လွယ်လွယ်ကူကူ ပြီးဆုံးသွားမယ်လို့ လုံးဝမထင်ပါဘူး။ စစ်တပ်ကလဲ ဘယ်တော့မှ နောက်ဆုတ်မယ့်လူ မဟုတ်သလို။ ဒီတကြိမ်မှာ ပြည်သူလူထု လှုပ်ရှားမှုကြီးက အင်မတန်မှ သံဓိဌာန် ပြတ်ပြတ်သားသား ချထားတဲ့ လူတွေက အများစုကြီး ဖြစ်နေတယ်။ ထိပ်တိုက်ရင်ဆိုင်ဖို့က သေသေကြေကြေ၊ အသက်တွေပေးတဲ့ ရင်ဆိုင်မှုကြီးကလဲ သေနတ်တွေ ဒီလောက်ပစ်ရုံလောက်နဲ့ အညံ့ခံ အလျှော့ပေးသွားမယ်လို့ မထင်ပါဘူး။


မေး ။ ။ အဲဒီတော့ သေကြေတဲ့ကိစ္စတွေကလဲ အင်မတန်မှ ကြေကွဲဖွယ်ရာ ကောင်းပါတယ်။ တခါ ဝန်ထမ်းတွေ သပိတ်မှောက်တဲ့အတွက်ကြောင့် ပြည်သူတွေ အခက်အခဲတွေ့ရတဲ့ အပိုင်းလဲ ရှိပါတယ်။ အထူးသဖြင့် ဆရာဝန်တွေ CDM လုပ်လိုက်တော့ ကျန်းမာရေးအတွက် လောလောဆယ် အခက်ကြုံတာတွေလည်း ကြားရပါတယ်။ အလုပ်သမားတွေ ငွေရေးကြေးရေး ထုတ်ယူတဲ့ကိစ္စ။ လစာကိစ္စ၊ ဘဏ်တွေပိတ်တဲ့ကိစ္စ။ ဒီဟာတွေကို ကျော်လွှာနိုင်ဖို့အတွက် ထွက်ပေါက်အနေနဲ့ တချို့က စဉ်းစားလာကြတယ် ထင်ပါတယ်။ တိုင်းရင်းသားတွေရဲ့ အင်အားကိုလည်း လိုချင်ကြတယ်။ တခါ တိုင်းရင်းသားလက်နက်ကိုင်တွေပါ စုစည်းပြီးတော့ ဖယ်ဒရယ်တပ်မတော်ဆိုတာ ဖွဲ့စည်းပြီးတော့ စစ်ရေးနဲ့ လုပ်ယူရင် ထိရောက်လေမလား ဆိုပြီးတော့ ယူဆကြဟန်တူပါတယ်။ ဒါကြောင့်လဲ ဖယ်ဒရယ်တပ်မတော်ကို တမ်းတတဲ့ အသံတွေ ကြားလာရပါတယ်။ ဒီဟာကော ဘယ်လောက် ဖြစ်လာနိုင်မလဲ။ ဆရာနဲ့ ဆက်လက်ပြီး ဆွေးနွေးချင်ပါတယ်။


ဖြေ ။ ။ ဒီခေါင်းစဉ်ကို ဆွေးနွေးရတာတော့ အင်မတန်မှ လေးနက်ကျယ်ပြန့်လှပါတယ်။ သို့သော်လဲ ရသမျှအချိန်အတွင်းမှာ အတိုချုပ်ပြောရရင်တော့ ၁၉၈၈ တုန်းကလဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို အားကိုးမျှော်မှန်းခဲ့ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက ထွက်ပြေးလာတဲ့ လူတွေကို ခိုလှုံခွင့်ပေးတယ်။ တတ်စွမ်းသမျှ အကူအညီပေးတယ်။ ဥပမာ KNU ဆိုရင် ညွှန့်ပေါင်းအစိုးရအတွက် အင်မတန်မှ ကျေးဇူးကြီးမားလှတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။ သို့သော်လဲပဲ ဗမာစစ်တပ်ကို ဝင်ပြီးတော့ ထူးပြီးတော့ တိုက်နိုင်ခဲ့ခြင်း မရှိပါဘူး။ အခုတကြိမ်ကတော့ အရင်ကထက် ပိုပြီးတော့ လေးနက်ကျယ်ပြန့်ပြီးတော့ အနာဂတ်အတွက် လက်တွေ့ကျမယ့် မေးခွန်းထဲမှာပါတဲ့ ဖယ်ဒရယ်တပ်မတော် Federal Army ကို ပြောဆိုလာခြင်းဟာ ၈၈ တုန်းက ကိုယ့်ဘက်က ဝင်ကူတိုက်ပေးမယ့် တိုက်စေချင်တယ်ဆိုတဲ့ ဆန္ဒထက် ပိုကဲပြီးတော့၊ အနာဂတ်ပြည်ထောင်စု ပုံဖော်မှုကိုပါ တကယ့်ကို ကြီးမားတဲ့ ခြေလှမ်းကြီးတခုကို လှမ်းကြတယ်လို့ ကျနော် မြင်ပါတယ်။


မေး ။ ။ အနာဂတ်ပြည်ထောင်စု ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်လာတဲ့အခါမှာတော့ ဖွဲ့စည်းပုံ ဘာညာနဲ့ တပ်မတော်ရဲ့ ဖွဲ့စည်းပုံလည်း ဖယ်ဒရယ်တပ်မတော် ပြောင်းလဲဖွဲ့စည်းလာစရာ အကြောင်းရှိတာပေါ့။ ဒါပေမဲ့ လောလောဆယ်မှာ တကယ်လို့ ဖယ်ဒရယ်ပြည်ထောင်စု တပ်မတော်လို စုစုစည်းစည်း မဟုတ်ဘဲနဲ့ တိုင်းရင်းသားနယ်မြေတွေက တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေ၊ တော်လှန်ရေး အင်အားစုတွေက သူ့နယ်မြေက သူတိုက်၊ ကိုယ့်နယ်မြေက ကိုယ်တိုက်ဆိုတဲ့ ပုံစံမျိုးဆိုရင်ကော အာဏာသိမ်းတဲ့ စစ်ကောင်စီပေါ် ဖိအားပိုပြီး သက်ရောက်လာနိုင်စရာ ဘယ်လောက်အထိ ထိထိရောက်ရောက် ဖြစ်လာနိုင်မလဲ။


ဖြေ ။ ။ ဖိအားသက်ရောက်မှုကတော့ ရှိလာနိုင်ပါတယ်။ မလွှဲမသွေ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ မဟာဗျူဟာကျကျ စဉ်းစားလို့ရှိရင် စစ်တပ်ဟာ သူ့ရဲ့အားအသာဆုံးက လက်နက်နဲ့ လက်နက်ကိုင်အင်အား။ သူ့မှာ (၄) သိန်းကနေ (၅) သိန်းလောက် ရှိတယ်။ သူ့ရဲ့ အားသာချက်ကို ယူပြီးတော့ တိုက်မယ်ဆိုရင် သူအကြိုက်ဆုံး တိုက်ကွက်ကို ကျနော်တို့က ရွေးရာကျလိမ့်မယ်။ ဒါက တချက်။


ပြည်တွင်းဖိအားမှာ တိုင်းရင်းသားလက်နက်ကိုင်တွေက သူ့နေရာသူ ခုခံကာကွယ်မှု သူ့နေရာမှာရှိတဲ့ သူ့လူမျိုးစုကို အကာအကွယ်ပေးမှုတွေ လုပ်ခြင်းအားဖြင့်လဲ ပြည်သူလူထု လှုပ်ရှားမှုကြီးကို ပိုပြီးတော့ ကြီးမားလာပြီးတော့ အသေအပျောက်နည်းတဲ့ ခုခံကာကွယ်မှုကို ဖြစ်စေနိုင်သလို၊ နောင် ကျနော်တို့ မျှော်မှန်းကြတဲ့ ဖယ်ဒရယ်ပြည်ထောင်စုနဲ့ ဖယ်ဒရယ်တပ်မတော်အတွက်လဲ သူတို့ဟာ အခုကတည်းက လုပ်ခဲ့ကြတယ်ဆိုတဲ့ သမိုင်းကြောင်းဂုဏ်ကလဲ ကြီးကျယ်တဲ့အတွက် ဒါဟာ ကျနော်ထင်တယ် ဒီစစ်တပ်ကြီးကို နိုင်အောင် တိုက်နိုင်အုံးတော့ အနာဂတ် ပုံဖော်မှုပါ ကြီးမားတယ်လို့ ကျနော်မြင်ပါတယ်။


မေး ။ ။ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လူတချို့က ပြည်ပအင်အားကို မျှော်မှန်းကြတာလည်း ကြားရပါတယ်။ အဲဒီလို ပြည်ပကနေ အင်အားနဲ့ ဝင်ရောက်စွက်ဖက် လာမယ်ဆိုတဲ့ မျှော်မှန်းချက်တွေကို ဆရာ ဘယ်လိုပြန်ပြောချင်ပါလဲ။


ဖြေ ။ ။ မျှော်တဲ့လူတွေကိုလည်း ကျနော် အပြစ်တော့ မမြင်ပါဘူး။ သို့သော် လက်တွေ့ကျမှု အပိုင်းကတော့ ဦးကျော်ဇံသာ ပြောသလို တကယ်တမ်းကြတော့ နိုင်ငံတကာတပ်ဆိုတာ လာပြီးတော့ဝင်ဖို့ ဖြစ်နိုင်ချေအလားအလာ အင်မတန်မှ မှေးမှိန်ပါတယ်။ ကျနော် စိုးရိမ်တာတခုက အခုကျနော်တင်ပြခဲ့တဲ့ UN, US တို့ မဟုတ်တဲ့ တခြားတပ်များ ဝင်လာရင်၊ ကျနော်ကတော့ အဆုံးစွန်းအထိ တွက်တယ်။ ၁၉၅၉ နှစ်က တိဘတ်နယ်မြေကို တရုတ်တပ်ကြီးက ဝင်သိမ်းတဲ့ အဖြစ်အပျက်ကြီးက အခုထိ ရှိခဲ့တယ်။ ကျနော် စိုးရိမ်ချက်က ဒါပါပဲ။ ဒါကြောင့် နိုင်ငံခြားတပ်ကို မျှော်တာထက်၊ ကိုယ့်တိုင်းရင်းသားတပ်တွေက တတ်စွမ်းသလောက် ဆောင်ရွက်ခြင်းက ပိုပြီးတော့ လက်တွေ့ကျပြီးတော့ ပိုပြီးတော့ နိုင်ငံနဲ့ ဆက်စပ်မလားလို့ ကျနော်ကတော့ ယူဆပါတယ်။


မေး ။ ။ ဆရာပြောသလို တရုတ်လို့ နာမည်ထုတ်ပြောလိုက်တော့ ကျနော်လည်း ထုတ်ပြီးပြောပါရစေ။ အဲဒီလို တဘက်သတ် ဝင်လာရင်တော့ ဒီဘက်ကလဲ သည်းခံမှာ မဟုတ်ဘူးဆိုတော့ မြန်မာနိုင်ငံက Proxy War ဖြစ်မယ့် စစ်မြေပြင် ဖြစ်သွားနိုင်စရာ ရှိသွားမယ်လို့ ထင်စရာရှိတာပေါ့။ ယူဆစရာ ရှိတာပေါ့။


ဖြေ ။ ။ ကျနော် အခုနပေးတဲ့ ၁၉၅၉ ဝန်းကျင်က တိဘက် အခင်းအကျင်းမျိုး အခု နိုင်ငံတကာမှာ မရှိတော့ဘူး။ အမေရိကမှာလည်း အစိုးရသစ် တက်လာပြီးတော့ ဒေသတွင်း ပထဝီ နိုင်ငံရေး၊ စစ်ရေး၊ လုံခြုံရေးက ပြောင်းလာပါတယ်။ အခု အင်ဒိုပစိဖိတ်လို့ခေါ်တဲ့ အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာ ကြားဆက်တဲ့ ဗျူဟာအခင်းအကျင်းထဲမှာ မြန်မာနိုင်ငံက ပါနေတယ်။ အဲဒီမှာ တရုတ်နိုင်ငံကို တောက်လျှောက်ဆက်ကျမလပ် အမေရိကန်ဘက်ကလဲ ကြည့်နေတယ်။ ဆိုတော့ တရုတ်က တိဘက် သိမ်းသလိုတော့ သိမ်းနိုင်မယ်လို့ ကျနော် မထင်ဘူး။ အမေရိကန်ဘက်ကလဲ စွက်ဖက်မှု လာလိမ့်မယ်လို့ ကျနော် မထင်ဘူး။ တကယ်လိုသာ နှစ်နိုင်ငံ နိုင်ငံကြီးနှစ်ခုက မထိန်းမသိမ်းရင်တော့ ကျနော်တို့က တကယ့်ကို Killing Field ဖြစ်ကောင်းဖြစ်လာမယ်လို့ ကျနော် စိုးရိမ်ပါတယ်။


မေး ။ ။ ဆိုတော့ အခု အသက်တွေလည်း သေထားပြီးကြပြီ။ သူတို့ရဲ့ မျှော်မှန်းချက် ပေါက်မြောက်ဖို့ ဒီစစ်အာဏာရှင်စနစ် ကျဆုံးဖို့ အလားအလာက ဘာရှိသေးလဲ။ အခြားထွက်ပေါက်တွေ။


ဖြေ ။ ။ ကျနော် မြင်တာကတော့ ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂ ရပ်တည်ချက်က ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်လွှဲလိုက်ပါလို့ ပြောတာက တချက်။ နောက်တခါ အာဆီယံနဲ့ တရုတ်တို့ဘက်ကတော့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းလုပ်ပါလို့ ပြောတယ်။ သို့သော်လဲပဲ စစ်ကောင်စီကတော့ သတင်းစာရှင်းလင်းပွဲ ဒုတိယအကြိမ်မှာ ဘယ်သူလာလာ၊ ဘယ်သူ စေ့စပ်စေ့စပ် လက်မခံဘူးလို့ ပြောထားတယ်။ အဲဒီတော့ ပြန်အာဏာအပ်မယ့် အလားအလာ၊ စေ့စပ်ဆွေးနွေးမှု အလားအလာလည်း တော်တော်လေး အခုအချိန်အထိတော့ မကောင်းပါဘူး။ သို့သော်လဲ ကျနော်တို့ မပါမပြီး တရုတ်ကိုပဲ ပြန်ပြောရရင် အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင်ကို ခေါင်းခေါက် နားရွက်တံတွေးဆွတ်ရဲတာ တရုတ်ပဲ ရှိပါတယ်။ တရုတ်ဟာ သူ့ရဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အကျိုးစီးပွားအလို့ငါ မြန်မာနိုင်ငံမှာ ဘယ်သူအုပ်ချုပ် အုပ်ချုပ် တည်ငြိမ်တာကို လိုချင်တယ်။ အခုပုံအတိုင်းဆိုရင် ပြည်သူလူထုဘက်က ဘယ်လိုမှ ရပ်ကြမယ့်ပုံ မရှိတော့ စီးပွားရေးလုပ်ဖို့ အတော်ကိုခက်တဲ့အခါမှာ တရုတ်က သူ့ရဲ့ ပြောထားပြီသားဖြစ်တဲ့ တွေ့ဆုံ ဆွေးနွေးရေးလမ်းကို စစ်ကောင်စီ မလိုက်လိုက်အောင် ဖိအား၊ တွန်းအား၊ ဆွဲအား သို့မဟုတ် သူကိုယ်တိုင်ကိုယ်က Smart Sanction တွေများ လုပ်လာရင်တော့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း ပေါ်ကောင်းတယ်လို့ ယူဆပါတယ်။


နောက်ဆုံးတခုကတော့ ဖြစ်နိုင်ချေ နည်းတော့နည်းပါတယ်။ တပ်တွင်းပုန်ကန်မှုနဲ့ အာဏာသိမ်းမှုပေါ့။ ဒါကလဲ မဖြစ်နိုင်ဘူးလို့တော့ ကျနော်တို့က ပြောမရတဲ့ အခြေအနေ။ ဒါကြောင့် ဒီနှစ်ခုကို ကျနော် မြင်ပါတယ်။


မေး ။ ။ တရုတ်ဝင်ရောက် စေ့စပ်ဆွေးနွေးမယ်ဆိုတာကတော့ ပြည်သူကတော့ တရုတ်ကို မုန်းတာပဲ။ ဒါပေမဲ့လဲ ဝင်ရောက်ဖြန်းဖြေပေးမယ်ဆိုရင်တော့ သက်သာရာ သက်သာကြောင်း ထွက်ပေါက်တခုအနေနဲ့ လက်ခံကောင်း လက်ခံကြမှာပေါ့။ ဒါပေမဲ့ စစ်တပ်ထဲမှာ အာဏာသိမ်းတယ်ဆိုတာကတော့ တချို့က စစ်တပ်ထဲက ထွက်ပြီးတော့ နောက်တယောက် တက်လာရုံနဲ့ ဒီလမ်းကြောင်းပဲ သွားလိမ့်မယ်လို့ တွက်ကြပါတယ်။ ဖိလစ်ပိုင်မှာ လုပ်ခဲ့တဲ့ Ramos တို့ Enrile တို့လို ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နိုင်ပါရဲ့လား။


ဖြေ ။ ။ မျှော်လင့်ချက်ကတော့ ရာခိုင်နှုန်းကတော (၁၀) ရာခိုင်နှုန်းအောက်မှာပဲ ရှိတယ်လို့ ကျနော့်အမြင်ပေါ့။ ပွင့်ပွင့်လင်းလင်း ပြောရရင်။


မေး ။ ။ အဲဒီတော့ ဒီတိုက်ပွဲဟာ ပဋိပက္ခဟာ အဓွန့်ရှည်လာတော့ တိုင်းပြည်ရဲ့ အခြေအနေဟာ တော်တော့ကို ဆိုးသထက်ဆိုးလာလိမ့်မယ်လို့ ယူဆရပါတယ်။ မြန်မာနိုင်ငံသားတွေ ဘယ်လောက်အထိ ဆိုးဝါးမှုဒဏ်ကို ဘယ်လောက် တာရှည်ခံနိုင်ရမလဲ။ အဲဒီတခုလဲ စဉ်းစားစရာလို့ ထင်ပါတယ်။


ဖြေ ။ ။ မှန်ပါတယ်။ သို့သော်လဲ ကျနော်မြင်တာက မလွယ်တဲ့အနေအထားတခု ဖြစ်နေပါတယ်။ အထူးသဖြင့် စားဝတ်နေရေး၊ စီးပွားရေး အဲဒီကနေ ကျော်လွန်ပြီးတော့ ရိုက်ခတ်လာနိုင်တဲ့ ဒေသတွင်း နိုင်ငံရေး ပြဿနာကနေ ကမ္ဘာ့ပြဿနာတခုအထိ ရောက်နေပြီဆိုတော့ ဘယ်သူမှ မနေသာတော့ ဝိုင်းပြီးဝန်းပြီးတော့ ပြောကြတိုက်ကြဆွဲကြ နည်းတွေ လုပ်လာနိုင်တယ်။ ဒီလိုမျိုး လမ်းပွင့်လာနိုင်တယ်။ အဲဒီအချိန်အထိ ပြည်သူလူထုကလည်း တကယ့်ကို သံဓိဌာန် ခိုင်ခိုင်မာမာနဲ့ ဆောင်ရွက်ကြမယ်ဆိုတဲ့အတွက် ကျနော့်အမြင်ကတော့ False Hope လို့ခေါ်တဲ့ မဖြစ်နိုင်တဲ့ မျှော်လင့်ချက် မဟုတ်ဘဲနဲ့ ဖြစ်နိုင်တဲ့ မျှော်လင့်ချက်အရာ။ ပြည်သူလူထုဘက်က အနိုင်ရမယ့်လမ်းကိုတော့ မြင်တယ်လို့ ပြောပါရစေ။


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း