ဆရာဝန်နဲ့ နိုင်ငံရေး
ဒေါက်တာဘရင်က ဒေါက်တာဇော်ဝေစို း- ဆရာဝန်နဲ့ နိုင်ငံရေး
ဘိုဘို
ဘီဘီစီမြန်မာပိုင်း
၁၈ မတ် ၂၀၂၁
မြန်မာနိုင်ငံမှာ
မကြာခင်က ဖြစ်ပွားတဲ့ စီဒီအမ် ခေါ် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ စတင်သူတွေက
ဆရာဝန်နဲ့ ဆေးပညာရှင်တွေ ဖြစ်ကြပါတယ်။ ဆေးလောက အသိုင်းအဝိုင်းကို နိုင်ငံရေးနဲ့
ပတ်သက် လေ့ သိပ်မရှိဘူးလို့ ယူဆခဲ့ကြပေမဲ့ ဒီလို ပေါ်ထွက်လာတဲ့အတွက် တခြား
ရုံးဝန်ထမ်းနဲ့ အလုပ်ရုံ စက်ရုံတွေကိုလည်း ပျံ့နှံ့သွားခဲ့ပါတယ်။ တကယ်က ဆရာဝန်နဲ့
မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုဟာ ခုမှ မဟုတ်ဘဲ ၂ဝ ရာစု အစောပိုင်းကတည်းက
ရှိခဲ့ပြီး ဖြစ်ပါတယ်။
ဆရာဝန်ပညာတွေသင်
ဆရာဝန်ဝေါဟာရဟာ
ဘုရင်လက်ထက်မှာ ရှိခဲ့တဲ့ ရာထူးတရပ်ဖြစ်ပြီး ဘုရင့်ဆရာတွေကို ဝန်ထောက်ခန့်တဲ့အခါ
ဆရာဝန်၊ ဆရာ ဝန်ထောက် အဖြစ် ခန့်တယ်လို့ သိရပါတယ်။ မင်းတုန်းမင်းလက်ထက် ဂျာမန်
သမားတော် ဒေါက်တာမာဖီကို ဆရာဝန် ခန့်ပြီးနောက် ဒီဝေါဟာရဟာ
အနောက်တိုင်းဆေးပညာရှင်တွေကို ရည်ညွှန်းတဲ့ စကားလုံးဖြစ်လာပါတယ်။
အမ်ဘရို့စ်ဒီရိုဇာဒီယို၊
မောင်ဘိုးဇိုနဲ့ ဒေါက်တာရှောလူစတဲ့ အစောပိုင်း မြန်မာဆရာဝန်တွေဟာ
ခရစ်ယာန်အသင်းတော်တွေရဲ့ အကူ အညီနဲ့ အီတလီ၊ အမေရိကန် နိုင်ငံတွေမှာ သွားရောက်သင်ယူ
ခဲ့ကြသူတွေ ဖြစ်ပြီး နောက်ပိုင်း မှာတော့ ဗြိတိန်နဲ့ အိန္ဒိယမှာ သွားသင်သူတွေ
ရှိလာပါတယ်။ အယ်လ်အမ်ပီခေါ် အငယ်တန်းဆရာဝန်ဖြစ် သင်တန်းကိုလည်း အစပိုင်းမှာ
မဒရပ်ကို လွှတ်သင်စေခဲ့ တယ်လို့ ဒေါက်တာ မြင့်ဆွေရဲ့ နယ်ချဲ့ခေတ် အစ ဆရာဝန်ဘဝ
စာအုပ်မှာ ရေးသားပါတယ်။ ရန်ကုန်မှာ ၁၉ဝ၇ ခုနှစ်ကစပြီး ဆေးကျောင်းဖွင့် သင်ကြား
ပေးခဲ့ပြီးနောက် ၁၉၁ဝ မှာမြန်မာပြည်က ပထမဆုံး အောင်တဲ့ အယ်လ်အမ်ပီ ဆရာဝန်တွေထဲမှာ
ထွန်းစံဘော် ဆိုသူ ပါပါတယ်။ ၁၉၂၃ မှာတော့ အမ်ဘီဘွဲ့ပေးတဲ့ ဆေးကောလိပ်ကို
စဖွင့်ပါတယ်။
အဲဒီခေတ်က
မြန်မာဆရာဝန်ကြီး အများစုဟာ အိန္ဒိယစစ်တပ်က ဆေးဝန်ထမ်းတွေ ဖြစ်ကြပြီး စစ်ရာထူးတွေ
ရှိကြပါတယ်။ ဒါကြောင့် ကပ္ပတိန်ဘခက်၊ ကပ္ပတိန် ရွှေဇံ၊ ကပ္ပတိန် မင်းစိန် စတဲ့
ဆရာဝန်ကြီးတွေ မြန်မာ ဆေးလောကမှာ သြဇာညောင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီစစ်ဆရာဝန်တွေထဲက
ကပ္ပတိန် အောင်ထွန်းဟာလည်း ဆရာတော် ဦးဥတ္တမရဲ့ အနီးကပ် ဒကာတဦးဖြစ်ပြီး ဂျာပန်ပြည်
အတ္ထုပ္ပတ္တိ ရေးဖို့ သူ့ကိုအကြိမ်ကြိမ် တောင်းပန်ခဲ့ကြောင်း ၁၉၁၄ က ထုတ်တဲ့
စာအုပ်မှာ ပါရှိပါတယ်။
ဝိုင်အမ်ဘီအေကနေ
ဒိုင်အာခီ
၁၉ဝ၆ က
ဝိုင်အမ်ဘီအေခေါ် ဗုဒ္ဓကလျာဏယုဝအသင်းကို တည်ထောင်သူ သုံးယောက်မှာ ဆရာဝန် တဦးပါဝင်ပြီး
၁၉၂၅ မှာ ပညာရေး၊ ကျန်းမာရေး၊ ဒေသန္တရအုပ်ချုပ်ရေး နဲ့ ယစ်မျိုးဌာန ဝန်ကြီးချုပ်
ဖြစ်လာခဲ့တဲ့ ဒေါက်တာ ဘရင် ဖြစ်ပါတယ်။ ဒေါက်တာဘရင် အိန္ဒိယနဲ့ စကော့တလန်သွားပြီး
ဆေးပညာမသင်ခင် ရန်ကုန်ကောလိပ် ကျောင်းသားဘဝမှာ ကိုမောင်ကြီး၊ ကိုဘဘေတို့နဲ့အတူ
ဝိုင်အမ်ဘီအေ ကို တည်ထောင်ပါတယ်။ ဒေါက်တာဘရင်ဟာ ပထမကမ္ဘာစစ်မှာလည်း
ဝင်အမှုထမ်းခဲ့ပြီး ဆုတံဆိပ်တွေ ရခဲ့ပါတယ်။ ၁၉၂ဝ အမျိုးသား ကောလိပ်
တည်ထောင်ချိန်မှာ အမျိုးသား ပညာရေးကောင်စီဝင် အဖြစ်နဲ့ ကျောင်းကို လှူဒါန်းကြဖို့
အားပေးလှုံ့ဆော်ခဲ့ပြီး ကျောင်းအုပ်ကြီး လည်း ဖြစ်ခဲ့တယ်လို့ ၁၉၂၇ ခုနှစ်ထုတ်
မည်သူမည်ဝါ မြန်မာပြည်မှာ စာအုပ်မှာ ဖော်ပြပါတယ်။ ၂၁ ဦး မူလအဖွဲ့ဝင် အဖြစ်
ဗြိတိသျှ ပေးတဲ့ ဒိုင်အာခီအုပ်ချုပ်ရေးကို လက်ခံခဲ့သလို ၁၉၂၄ မှာ မြန်မာထဲက
ပထမဆုံး ရန်ကုန်မြို့တော်ဝန် ဖြစ်ခဲ့ပါတယ်။ သူ့ဖခင်ဘက်က
မွန်မင်းဆက်အနွယ်ဖြစ်တယ်လို့ ရီလိရဲ့ ကိုလိုနီခေတ် မြန်မာပြည်က တရုတ်များ
စာအုပ်မှာ ဖော်ပြခံရတဲ့ ဒေါက်တာဘရင်ဟာ နောက်ပိုင်း မှာတော့ တရုတ်နဲ့ ဗြိတိသျှ
အစိုးရဘက်သားတွေ ကြီးစိုးတဲ့ ရွှေတောင်ကြား ပါတီ ခေါင်းဆောင် တယောက် ဖြစ်ခဲ့
ပါတယ်။ သူ့ဝန်ကြီးဖြစ်ချိန်မှာ တိုင်းရင်းဆေးပညာလေ့လာရေးအတွက် ကော်မတီ တရပ်
ဖွဲ့စည်းပြီး ရုပ်ရှင်မင်းသား ဝင်းဦးရဲ့အဘိုး ကပ္ပတိန် ဘခက်ကို
ခေါင်းဆောင်စေခဲ့ပါတယ်။
ဆာစံစီပိုး
ဒေါက်တာဘရင်နဲ့
မရှေးမနှောင်း လူမျိုးစု နိုင်ငံရေးမှာ ထင်ရှားခဲ့သူကတော့ ကရင်ခေါင်းဆောင်ကြီး
ဒေါက်တာဆာစံစီပိုး ဖြစ်ပါတယ်။ ပထမကမ္ဘာစစ် အတွင်း ၁၉၁၇ မှာ မြန်မာပြည်အုပ်ချုပ်ရေး
တိုးမြှင့်ဖို့အတွက် ဦးမေအောင်၊ ဦးစုစတဲ့ ဝိုင်အမ်ဘီအေခေါင်းဆောင်တွေနဲ့အတူ
အိန္ဒိယကို ခေါ်ယူမေးမြန်းရာမှာ အမေရိကန်မှာ ဆေးပညာသင်ခဲ့တဲ့ ဒေါက်တာပိုးလည်း
ပါဝင်ခဲ့ပါတယ်။ ၁၉၂၁ မှာ မြန်မာပြည် အုပ်ချုပ်ရေး တိုးမြှင့်ဖို့ စုံစမ်းတဲ့
ဝှိုက်ကော်မတီအဖွဲ့ဝင် ဖြစ်ခဲ့တဲ့ ဒေါက်တာပိုးဟာ ဒိုင်အာခီနဲ့ ၉၁ ဌာန အုပ်ချုပ်ရေး
ခေတ်မှာ လွှတ်တော် အမတ် ဖြစ်ခဲ့သလို ဂျပန်ခေတ်မှာလည်း အတိုင်ပင်ခံ အမတ် ဖြစ်ပါ
တယ်။ ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် ၁၉၂၅ ကတည်း က ဆောင်ရွက်ခဲ့တဲ့
ဆာစံစီပိုးဟာ စစ်အတွင်း ကရင်ဗမာ လူမျိုးရေး အဓိကရုဏ်း ပြီးငြိမ်းရေးမှာလည်း
ကူညီခဲ့ ပါတယ်။ သူ့သမီး မစ္စစ် ဘမောင်ချိန်ခေါ် ကလယ်ရီဘယ်အိုင်ရင်းပိုးဟာ ပထမဆုံး
ကရင်ပြည်နယ်ဝန်ကြီးနဲ့ ပထမ မြန်မာအမျိုးသမီးဝန်ကြီး ဖြစ်ခဲ့ ပါတယ်။ ဆာစံစီပိုး ရေးတဲ့
မြန်မာပြည်နဲ့ ကရင်များ စာအုပ်ဟာလည်း လူမျိုးစု လေ့လာရေးနယ်ပယ်မှာ ထင်ရှားပါတယ်။
သင်္ဘောပေါ်ဆုံးတဲ့
သံအမတ်ကြီး
ဒေါက်တာဘရင်နဲ့
ဆာစံစီပိုးနောက်ပိုင်း မြူနီစီပါယ်အဖွဲ့ဝင်နဲ့ လွှတ်တော်အမတ် ဖြစ်တဲ့ ဆရာဝန်တွေ
ရှိကြသလို ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးချုပ်ထိ ဖြစ်ခဲ့သူကတော့ နယူးဘားမား သတင်းစာ
တိုက်ပိုင်ရှင် ဒေါက်တာ သိန်းမောင် ဖြစ်ပါတယ်။ ကိုလ်ကတ္တားမှာ ဆေးပညာ သင်ခဲ့တဲ့
ဒေါက်တာသိန်းမောင်ဟာ သီပေါမင်းခေတ်က အမြောက်ဝန်ရဲ့ သမက် ဖြစ်ပြီး
မြန်မာကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ ဒေါက်တာဘမော်ရဲ့ ဆင်းရဲသားပါတီ
ခေါင်းဆောင်အဖြစ် ရဲဘော်သုံးကျိပ် ဂျပန်သွားဖို့ ဆက်သွယ်ပေးခဲ့သလို ဗမာ့
ထွက်ရပ်ဂိုဏ်းမှာလည်း ပါဝင်ခဲ့ပါတယ်။ စစ်အတွင်း ဂျပန်က လွတ်လပ်ရေး ပေးပြီးနောက်
ဘဏ္ဍာရေးဝန်ကြီး ဖြစ်ခဲ့သလို ပထမဆုံး သံအမတ်ကြီးအဖြစ် ဂျပန်ကို စေလွှတ်ခံရ ပါတယ်။
တိုကျိုက လက်ရှိမြန်မာ သံရုံးနေရာကို သူဝယ်ယူခဲ့တယ်လို့လည်း သိရပါတယ်။ စစ်အပြီး
မဟာမိတ်သုံ့ပန်းအဖြစ် အကျဉ်းချ ခံရပြီးနောက် မြန်မာပြည်ကို ပြန်ပို့တဲ့လမ်းမှာ
သင်္ဘောပေါ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ၁၉၉ဝ က အမတ်တွေ ဖွဲ့တဲ့ အဝေးရောက် ညွန့်ပေါင်း
အစိုးရဝန်ကြီး ပီတာ လင်းပင်ဟာ ဒေါက်တာသိန်းမောင်ရဲ့မြေး ဖြစ်ပါတယ်။
မစောဆ
ဗြိတိသျှခေတ်
၁၉၃၇ မှာ အမျိုးသမီးအထက်လွှတ်တော်အမတ် အဖြစ် ပထမဆုံးရွေးကောက်ခံရတဲ့
သားဖွားမီးယပ်ဆရာဝန်ကြီး ဒေါက်တာ ဒေါ်စောဆဟာ အစောဆုံး မြန်မာအမျိုးသမီး ဆရာဝန်တွေ
ထဲမှာ ပါပါတယ်။ ဒေါ်စောဆဟာ ၁၉၁၁ မှာ အိန္ဒိယက ဆေးဘွဲ့ ရပြီး အိုင်ယာလန်မှာ သားဖွား
မီးယပ်နဲ့ ခွဲစိတ်ပညာတွေ သင်ယူခဲ့ကာ ရန်ကုန် ဒပ်ဖရင်ဆေးရုံကြီးမှာလည်း
ဆေးရုံအုပ်ကြီးအဖြစ် ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၂၁ မှာ ပထမဆုံး မြန်မာအမျိုးသမီး
မြူနီစီပါယ်လူကြီးအဖြစ် ရွေးကောက်ခံရသလို ၁၉၃၃ လန်ဒန်မှာ ကျင်းပတဲ့ မြန်မာပြည်အရေး
မျက်နှာစုံညီဆွေးနွေးပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဗြိတိသျှ အစိုးရပေးတဲ့
အမ်ဘီအီးဘွဲ့ကိုလည်း ရရှိပါတယ်။
ဒေါ်စောဆဟာ
စစ်မဖြစ်ခင်က ရန်ကုန်ကျွန်းတောလမ်းမှာ ကုသိုလ်ဖြစ် ဆေးခန်းဖွင့်ခဲ့ပြီး စစ်အတွင်း
မင်းဘူးမှာ အနာကြီး ရောဂါသည် တွေအတွက် စခန်းဖွင့် ကုသ ပေးခဲ့သလို
စစ်ပြေးဒုက္ခသည်တွေနဲ့ ရွာသားတွေကို ကူညီပေးခဲ့ပါတယ်။ နိုင်ငံရေးမှာ
ထင်ထင်ရှားရှား မပါခဲ့ ပေမဲ့ ဒေါ်စောဆ၊ ဒေါ်ရင်မေ၊ ဒေါ်ခင်စီစတဲ့
မြန်မာသားဖွားမီးယပ် ဆရာဝန်မကြီးတွေဟာ အစောဆုံး ဆရာဝန်ပညာတတ် အမျိုးသမီး တွေ အဖြစ်
ထင်ရှား ခဲ့ပါတယ်။
အာဏာရှင်
ဒေါက်တာလှရွှေ
၁၉၃၈
တတိယကျောင်းသားသပိတ်နဲ့ ၁၃ဝဝ ပြည့်အရေးတော်ပုံကာလအတွင်း ထင်ရှားခဲ့တဲ့
ကျောင်းသားခေါင်းဆောင် ဒေါက်တာ လှရွှေကို ကျောင်းသားတွေကြား သြဇာညောင်းတဲ့အတွက်
အာဏာရှင် လှရွှေလို့ ခေါ်ကြ ပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာရဲ့ညီ ဖြစ်တဲ့
ဒေါက်တာလှရွှေဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂနဲ့ ဗကသဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာ
အစောဆုံး အာဏာဖီဆန် ရေး လှုပ်ရှားမှုတခုဖြစ်တဲ့ အတွင်းဝန်ရုံးကို ဝိုင်းပြီး
သပိတ်တား တဲ့ကိစ္စမှာ သူခေါင်းဆောင်ခဲ့သလို ဒေါက်တာဘမော် အစိုးရ ပြုတ်ကျတဲ့အထိ
ကျောင်းသားတွေကို သူဦးဆောင်ခဲ့ကာ အဖမ်းလည်းခံခဲ့ရ ပါတယ်။
တခြားဘက်မှာတော့
ဇနီးမောင်နှံ ရာသက်ပန် ဆိုတဲ့ အိမ်ထောင်ရေး လက်စွဲစာအုပ်ကို ၁၉၃၉ က ရေးသားခဲ့သလို
ဓနရှင်ဝါဒ စာအုပ် ကိုလည်း ရေးသားပြီး နဂါးနီတိုက်က ထုတ်ဝေခဲ့ပါတယ်။ သခင်နဲ့
ကျောင်းသား လှုပ်ရှားသူတွေရဲ့ ကျန်းမာရေး ကိုလည်း စစ်မဖြစ်ခင် ကနေ
စစ်ကြီးအတွင်းမှာ စောင့်ရှောက်ပေးခဲ့ပါတယ်။ ၁၉၄၇ က အမေရိကန်မှာ ခွဲစိတ်ပညာ
သင်ဖို့အသွား ပါရှားပင်လယ်ကွေ့မှာ သူလိုက်ပါလာတဲ့ လေယာဉ်ပျံ ပျက်ကျ
ကွယ်လွန်ခဲ့ပါတယ်။
ဖဆပလခေတ်မှာ
သူနာပြုချုပ်ဖြစ်ခဲ့တဲ့ ဒေါ်ခင်မူအေးဟာလည်း တက္ကသိုလ်ကျောင်းသူဘဝက
ဗိုလ်အောင်ကျော်သပိတ်မှာ ပါဝင်ပြီး ပုလိပ်အရိုက်ခံခဲ့ရသလို အာရှလူငယ်အဖွဲ့မှာလည်း
ပါဝင်ခဲ့ပါတယ်။
၁၉၃၉ က
ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်ရာမှာတော့ ရဲဘော်ထွန်းမောင်ခေါ် ဒေါက်တာနတ်ဆိုတဲ့
ဘင်္ဂါလီကွန်မြူနစ်ဆရာဝန်တယောက် ပါဝင်ပါတယ်။
ဂျပန်ခေတ်
ဆေးရုံကြီးနဲ့ ဘီအိုင်အေဆရာဝန်များ
စစ်အတွင်း ရန်ကုန်ဆေးရုံကြီးနဲ့
ဒပ်ဖရင်ကို ဆက်ဖွင့်ပြီး ဆေးကုပေးကြသလို ဆေးကျောင်းကိုလည်း ဖြစ်တဲ့နည်းနဲ့
ဖွင့်ခဲ့ပါတယ်။ ဒီခေတ် ဆေးရုံကြီးကို ကွပ်ကဲခဲ့သူက ဗိုလ်ချုပ်ကြီးနေဝင်းရဲ့
ယောက္ခမ ဖြစ်လာမယ့် ခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာဘသန်းပါ။ သူနဲ့အတူ ဆရာဝန်
သူနာပြုတွေဟာ ဆေးဝါးရှားတဲ့ကြားက ဖြစ်တဲ့နည်းနဲ့ လူနာတွေကို အသက်ကယ်ခဲ့ကြသလို
ဂျပန်တပ်ရဲ့ ခြိမ်းခြောက်မှု ကိုလည်း ကြုံခဲ့ကြရပါတယ်။ ဒီသူနာပြုတွေထဲက တချို့ဟာ
နိုင်ငံ အကြီးအကဲတွေနဲ့ ဖူးစာဆုံခဲ့ကြပါတယ်။ ထင်ရှားသူတွေကတော့
ဗိုလ်ချုပ်အောင်ဆန်းကတော် ဒေါ်ခင်ကြည်၊ သခင်သန်းထွန်းကတော် ဒေါ်ခင်ကြီး၊
ဗိုလ်ချုပ်နေဝင်းကတော် ဒေါ်ခင်မေသန်းနဲ့ သခင်ကျော်စိန်ရဲ့ဇနီး ဒေါ်မိမိကြီးတို့
ဖြစ်ပါ တယ်။
စစ်ကြီးမဖြစ်ခင်က
ဆေးကျောင်းတက်ခဲ့သူအချို့ ဘီအိုင်အေ ဗမာ့လွတ်လပ်ရေးတပ်မတော်မှာ ဆေးမှူးတွေ
ဖြစ်လာကြသလို ဗိုလ်ချုပ်အောင်ဆန်းအနားမှာ စစ်အရာရှိငယ်တွေ ဖြစ်လာသူတွေလည်း
ရှိပါတယ်။ ဒီထဲက ဗိုလ်မှူးချုပ်မောင်မောင် ဖြစ်လာမယ့် ကိုမောင်မောင်ဟာ
ပြည်သူ့အရေးတော်ပုံပါတီဝင်အဖြစ် ဂျပန်မဝင်ခင် မြေအောက်တော်လှန်ရေး လှုပ်ရှားမှုမှာ
လက်နက်သင်တန်း ပေးခဲ့ပါတယ်။ နောက် ဗိုလ်မှူးချုပ်အောင်ကြီး နဲ့အတူ လွတ်လပ်ပြီးခေတ်
ဗမာ့တပ်မတော်ကို ပြန်လည်ပုံဖော်ပေးခဲ့သလို တပ်ထဲမှာ ကွန်မြူနစ်လိုလားတဲ့
ရဲဘော်သုံးကျိပ်ခေါင်းဆောင်မှု မှေးမှိန်ပြီး ဆိုရှယ်လစ်ယူနစ်အုပ်စု
တွင်ကျယ်လာရေးမှာ ဗိုလ်မှူးကြီးအောင်ရွှေ၊ ဗိုလ်မှူးချုပ် တင်ဖေ စသူတွေနဲ့
ဂိုဏ်းဖွဲ့ ကြိုးပမ်းခဲ့ပါတယ်။ ၁၉၅၈ မှာ ပထမဆုံး စစ်အာဏာသိမ်းပွဲကို သူနဲ့ ဗိုလ်ချုပ်အောင်ကြီးစီစဉ်ခဲ့ပြီး
၁၉၆၁ မှာတော့ တပ်က အနားပေးခံရကာ သံအမတ်အဖြစ် စေလွှတ် ခံရပါတယ်။ ဗိုလ်မောင်မောင်
အာဏာကျသွားပေမယ့် သူ့ရဲ့ ကွန်မြူနစ် ဆန့်ကျင်ရေးနဲ့ တပ်ကို ခေတ်မီအောင်
ချဲ့ထွင်ရေး မူတွေကို ခေတ်အဆက်ဆက် တပ်ခေါင်းဆောင်တွေ ဆက်ကိုင်စွဲခဲ့ပါတယ်။
အစောပိုင်းမှာ
ဗိုလ်မှူးချုပ်မောင်မောင် သြဇာကြီးပေမဲ့ ဆေးကျောင်းသားထဲက တပ်ထဲဝင်လာသူတွေထဲမှာ
ရာထူးအကြီးဆုံးကတော့ အနောက်မြောက်တိုင်းမှူးကနေ ကာကွယ်ရေးဦးစီးချုပ်ထိ ဖြစ်ခဲ့တဲ့
ဗိုလ်ချုပ်ကြီး စန်းယုပါ။ တတိယကျောင်းသားသပိတ်မှာ ပြည်က ကျောင်းသားခေါင်းဆောင်
ဖြစ်ခဲ့တဲ့ ကိုစန်းယုဟာ စစ်အတွင်း ဗမာ့တပ်မတော်ကို ဝင်ရောက်ခဲ့ပြီး
စစ်အပြီးမှာလည်း ရာထူး အဆင့်ဆင့် ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာ့
ဆိုရှယ်လစ်လမ်းစဉ်ပါတီအတွင်းရေးမှူးနဲ့ သမ္မတအဖြစ် ၁၉၈၁ ကနေ ၁၉၈၈ ထိ တာဝန်ယူခဲ့တဲ့
ဦးစန်းယုကို ဦးနေ၀င်းရဲ့ လူယုံရုပ်သေးအဖြစ်လည်း သတ်မှတ်ခဲ့ကြပါတယ်။
ဂျပန်ခေတ်
ဆေးတပ်ဗိုလ်တွေထဲက ၁၉၆၂ နောက်ပိုင်းမှာ ဝန်ကြီး၊ နိုင်ငံတော်ကောင်စီဝင်အထိ
ဖြစ်ခဲ့သူတွေ ရှိပါတယ်။ ဖျာပုံက ဗိုလ်လှသမိန်ခေါ် ဗိုလ်မှူးကြီးလှဟန်ဟာ
ကျောင်းသားလှုပ်ရှားမှုခေတ် ကတည်းက နိုင်ငံရေးမှာ ပါလာခဲ့ပြီး စစ်အတွင်းမှာ
ဆေးတပ်ဗိုလ် ဖြစ်လာပါတယ်။ စစ်အပြီး ဆရာဝန်အငယ်တန်းနဲ့ အမ်ဘီဘွဲ့ စာမေးပွဲဖြေကာ
ဆေးတပ်မှာ ဆက်အမှုထမ်းခဲ့ပါတယ်။ ဗိုလ်မှူးကြီး လှဟန်ဟာ ပညာရေးနဲ့ ကျန်းမာရေး
ဌာနတာဝန်ခံ ဝန်ကြီးအဖြစ် ၁၉၆၂ ကနေ ၁၉၇၄ ထိ ထမ်းဆောင်ခဲ့သလို ၁၉၇၄
နောက်ပိုင်းမှာလည်း နိုင်ငံတော် ကောင်စီ၀င် ဖြစ်ခဲ့ပါတယ်။ သူ့လက်ထက်မှာ စတင် ခဲ့တဲ့
ဆိုရှယ်လစ် ပညာရေးနဲ့ ကျန်းမာရေး မူဝါဒတွေ ဟာ အနှစ် ၂ဝ ကျော်ကြာ တည်တံ့ခဲ့ပြီး
မအောင်မြင်မှုတွေ ရှိခဲ့ပေမဲ့ လူအများစု စာတတ်မြောက်ရေး၊ မြန်မာစာကို
ကျောင်းသုံးစာအဖြစ် သတ်မှတ် ရေး၊ ဆေးရုံနဲ့ ဆေးပေးခန်းတွေ တိုးချဲ့ပြီး
ပြည်သူ့ဆေးရုံတွေက အခမဲ့ ဝန်ဆောင်မှုပေးနိုင်ရေးတွေကို အားထုတ်ခဲ့တာ တွေ့ရပါတယ်။
၁၉၈၈ နောက်ပိုင်း စျေးကွက်စီးပွားရေးစနစ်ခေတ်မှာ ဗိုလ်မှူးကြီး လှဟန်တို့ခေတ်က
ဆိုရှယ်လစ်ကျန်းမာရေးနဲ့ ပညာရေးမူတွေ တိမ်ကောသွားခဲ့ပါတယ်။
သူ့လက်ထောက်
ဒုတိယဗိုလ်မှူးကြီး သိန်းအောင်နဲ့ နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဝန်ကြီးဖြစ်ခဲ့တဲ့
ဗိုလ်မှူးကြီးဒေါက်တာမောင်လွင်တို့ဟာ လည်း ဘီအိုင်အေ ခေတ်က စစ်ဗိုလ်တွေ
ဖြစ်ကြပါတယ်။ ဒုတိယစစ်ထောက်ချုပ် ထိ ဖြစ်ခဲ့တဲ့ ဒေါက်တာမောင်လွင်ဟာ
ဒေါ်ခင်မေသန်းရဲ့ ခင်ပွန်းဟောင်း ဒေါက်တာ တောင်ကြီးရဲ့ ယောက်ဖ ဖြစ်ပါတယ်။
နိုင်ငံတော်ကောင်စီဝင်ထိ ဖြစ်သွားကြတဲ့ ဒီစစ်ဆေး အရာရှိကြီး သုံးယောက်ဟာ
ဗြိတိန်မှာ ဆေးပညာ ဒီပလိုမာဘွဲ့တွေ သွားရောက်သင်ယူခဲ့ကြပါတယ်။
ဗိုလ်စကြာ
ဆေးကျောင်းသားနဲ့
သခင်ဟောင်း ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စကြာကတော့ စစ်အတွင်းမှာ
ဒုတိယကာကွယ်ရေးဝန်ကြီးနဲ့ တိုကျိုမှာ မြန်မာ စစ်သံမှူး ဖြစ်ခဲ့ပါတယ်။
ဆိုဗီယက်သံရုံးနဲ့ တိုကျိုမှာ ချိတ်ဆက် ပြီး စစ်သတင်း ဖလှယ်ခဲ့သလို
ဂျပန်တော်လှန်ရေး စချိန်မှာ ဂျပန်ရောက် မြန်မာစစ်နဲ့ အရပ်ဘက်ပညာသင်တွေကို
စောင့်ရှောက် ကာကွယ်ပေးခဲ့ပြီး စစ်အပြီး ပြည်တော်ပြန်နိုင်ရေးနဲ့ အချုပ် အနှောင်
မခံရရေး အတွက်လည်း သူစီစဉ်ခဲ့ ပါတယ်။ စစ်ပြီးခေတ်မှာ ပြည်ထဲရေးဌာနပါလီမန်အတွင်းဝန်နဲ့
ပထမဆုံး မြန်မာလေကြောင်းကုမ္ပဏီပိုင်ရှင် ဖြစ်ခဲ့တဲ့ ဗိုလ်စကြာဟာ ၁၉၆၂ နောက်ပိုင်း
ပြည်ပ ထွက်ပြီး စစ်အစိုးရကို ပုန်ကန်တဲ့ ဦးနုတို့အဖွဲ့နဲ့ ပူးပေါင်းရင်း ၁၉၆၉ မှာ
ဘန်ကောက်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူ့ ဒုတိယဇနီး ရုပ်ရှင်မင်းသမီး ဝင်းမင်းသန်း ခေါ်
ဟယ်လ်ဂါဂျွန်ဆင် ကတော့ ပထမဆုံး ဟောလီးဝုဒ် မှာ ရုပ်ရှင်ရိုက်တဲ့ မြန်မာအမျိုးသမီး
အဖြစ် ထင်ရှားခဲ့ပါတယ်။
ဆရာဝန်
ဝန်ကြီးနဲ့ သူပုန်၊ အစိုးရစစ်ဗိုလ်
စစ်အပြီး
မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ် ရောက်လာသူတွေထဲမှာ တော်လှန်ရေးမှာ ဆေးတပ်က
ပါခဲ့တဲ့ ဝန်ကြီးနဲ့ အမတ်တွေအပြင် ၁၉၄၈ နောက်ပိုင်း ပြည်တွင်းစစ် ကာလမှာ
နိုင်ငံရေး လုပ်ခဲ့ကြတဲ့ ဆရာဝန်နဲ့ ဆေးကျောင်းသူဆေးကျောင်းသားတွေ ရှိပါတယ်။ ဒီထဲက
ကရင်ပြည်နယ် ဝန်ကြီး၊ ပြည်နယ်ကောင်စီဥက္ကဋ္ဌ ရာထူးကို အနှစ် ၂ဝ
ကျော်ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာစောလှထွန်းဟာ NLD
ခေတ်မှာ ကရင်ဝန်ကြီးချုပ်ဖြစ်တဲ့
နန်းခင်ထွေးမြင့်ရဲ့ ဖခင်ဖြစ်ပါတယ်။ ဦးနုရဲ့ ဖဆပလခေတ်ကနေ အိမ်စောင့်အစိုးရ၊ ပထစ၊
တော်လှန်ရေး ကောင်စီခေတ်အထိ သူ့ကို ကရင်ပြည်နယ် ဝန်ကြီးချုပ် ခန့်ခဲ့သလို ၁၉၇၄
နောက်ပိုင်းမှာလည်း နိုင်ငံတော် ကောင်စီဝင် ဖြစ်ပါတယ်။ စစ်အတွင်း
ဖက်ဆစ်ဆန့်ကျင်ရေးမှာ ကင်ပေတိုင် အဖမ်းခံခဲ့ရတဲ့ ဒေါက်တာစောလှထွန်းဟာ ၁၉၄၈
ကရင်သူပုန်ထချိန် မှာလည်း မော်လမြိုင်မှာ ကရင်လက်နက်ကိုင်တွေ ဖမ်းတာ ခံခဲ့ရပါတယ်။
သူနဲ့အလားတူ
တော်လှန်ရေးပြန် စစ်ဆေးမှူးထဲက ဝန်ကြီးဖြစ်သူကတော့ ဒေါက်တာစိန်ဘန်းဖြစ်ပါတယ်။
လွတ်လပ်ပြီးခေတ် တိုင်းပြည်ပြု လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဖြစ်ခဲ့တဲ့ ဒေါက်တာ
စိန်ဘန်းဟာ ၁၉၅၂ မှာ လူမျိုးစု လွှတ်တော် ဒုဥက္ကဋ္ဌဖြစ်ပြီး ၁၉၅၆ မှာ ကျန်းမာရေး
ဝန်ကြီး ဖြစ်ခဲ့ပါတယ်။
၁၉၄၈
ပြည်တွင်းစစ်စပြီးနောက်ပိုင်း အစိုးရဘက်က ဝင်တိုက်ခဲ့ကြတဲ့ ဆေးကျောင်းသားတချို့
နောင်မှာ စစ်အရာရှိကြီးတွေ ဖြစ်လာ ပါတယ်။ ဒီထဲက ဗိုလ်မှူးကြီး ကျော်စိန်ထွန်း
ထင်ရှားသလို ပဲခူးနား မှာ တိုက်ပွဲကျခဲ့တဲ့ ဆေးကျောင်းသား သူရ မွန်ထော်သက်ညွန့်
ဟာလည်း နာမည်ကြီးပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်မှာ ဆေးပညာသင်ခဲ့တဲ့
ဗိုလ်ကြီးမွန်ထော် သက်ညွန့်ဟာ ၁၉၄၉ မှာ ဖြစ်တဲ့ ကရင် သူပုန်နဲ့ တိုက်ပွဲမှာ
ကျဆုံးပြီး ဖောင်တော်သီနားက သူတို့ကျတဲ့နေရာမှာ ခုထိ ကျောက်တိုင် အမှတ်အသား
ရှိပါတယ်။ နားနှာခေါင်း လည်ချောင်း ဆရာဝန်နဲ့ သံအမတ်ဟောင်း ဒေါက်တာသာလှိုင် ကတော့
ကမ္ဘာစစ်အတွင်းနဲ့ ပြည်တွင်းစစ်အစမှာ စစ်ထဲ နှစ်ခါ ဝင်တိုက်ခဲ့ ပြီးမှ
ဆေးကျောင်းတက်ခဲ့သူ ဖြစ်ပါတယ်။
ဆေးကျောင်းသား
ကိုထွန်းရှိန်ကတော့ တောခိုပြီး ဗကပနဲ့ ပူးပေါင်းပါတယ်။ အရှေ့ဥရောပမှာ
မြန်မာကျောင်းသားကိုယ်စားလှယ်အဖြစ် နေခဲ့တဲ့ ကိုထွန်းရှိန်ဟာ ၁၉၆၃ နောက်ပိုင်း
ပြည်တွင်း ပြန်လာပြီး ဖြုတ်ထုတ်သတ် မှာ ထွန်းငြိမ်း ထွန်းရှိန်ဂိုဏ်းအဖြစ်
ချေမှုန်းခံခဲ့ရပါတယ်။ သူ့အစ်ကိုရင်း မြန်မာစာကထိက ဦးလှမောင်ကတော့ ဦးနေဝင်းခေတ်မှာ
နိုင်ငံတော်ကောင်စီဝင် ဖြစ်ခဲ့ပါတယ်။ ကိုထွန်းရှိန်လိုပဲ မြို့ပေါ်က ကျောင်းသား
လှုပ်ရှားမှု တွေမှာ တက်ကြွတဲ့ ဆေးကျောင်းသားလှုပ်ရှားသူတွေ ရှိခဲ့ပြီး ဒီထဲက
တချို့ တောခိုကြပါတယ်။ ဗကပဆေးမှူးကြီး ဖြစ်ခဲ့တဲ့ ဒေါက်တာ ဉာဏ်ချစ် ဟာ ၁၉၈၉ ဗကပ
ပြိုကွဲချိန်မှာ ဝ လက်နက်ကိုင် တွေ သတ်ဖြတ်တာ ခံရတယ်လို့ ဆိုပါတယ်။ သူ့ယောက်ဖ
ဦးအောင်သောင်းက ကြံ့ခိုင်ရေး ခေါင်းဆောင်တယောက်ဖြစ်ခဲ့ပြီး တူဖြစ်သူကတော့
လက်ရှိတပ်မတော်မှာ ရေတပ် ဦးစီးချုပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီး မိုးအောင်
ဖြစ်ပါတယ်။
သခင်ကိုယ်တော်မှိုင်းရဲ့
သမားတော်ကြီးဖြစ်တဲ့ ဒေါက်တာဆင်ဘိုးဟာလည်း ပြည်တွင်းငြိမ်းချမ်းရေး
လှုပ်ရှားမှုမှာ တက်ကြွသူ ဖြစ်ပါတယ်။ ဒေါက်တာဆင်ဘိုး လန်ဒန်မှာ
ဆေးပညာသင်သွားစဉ်ကလည်း လက်ဝဲ နိုင်ငံရေးစာပေတွေကို တစိုက်မတ်မတ် ဖတ်ရှုခဲ့ တယ်လို့
ဒေါက်တာမောင်မောင်ရဲ့ လန်ဒန်ဒိုင်ယာရီက ဖော်ပြပါတယ်။ ၁၉၆၇
တရုတ်ဗမာအရေးအခင်းအပြီးမှာလည်း တခြား လက်ဝဲ လှုပ်ရှားသူ တွေနဲ့အတူ ဒေါက်တာ ဆင်ဘိုး
ထိန်းသိမ်းခံခဲ့ရပါတယ်။
၁၉၇၂ မှာ
ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မတီကို
အကြံပြုစာပို့လို့ ချင်းဆေးကျောင်းသား ကိုဇလှယ်ထန်းကို တနှစ် ထိန်းသိမ်းခဲ့ပါတယ်။
၁၉၉ဝ ရွေးကောက်ပွဲ မှာတော့ ဒေါက်တာဇလှယ်ထန်း ချင်း NLD က ဝင်အရွေးခံ
အနိုင်ရခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ရကာ ဒေါက်တာစိန်ဝင်းအစိုးရမှာ
ဝန်ကြီးဖြစ်ခဲ့ပါတယ်။
၁၉၇၆ မှာ
မိသားစုနဲ့ တောခိုခဲ့တဲ့ ဒေါက်တာလှကျော်ဇောဟာလည်း ခုချိန်ထိ
ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ် ယူနန်ပြည်နယ်ကနေ နိုင်ငံရေးဆောင်းပါးတွေ ရေးသားနေဆဲ
ဖြစ်ပါတယ်။ တောခိုသွား တဲ့အတွက် ဆေးပညာမဟာသိပ္ပံဘွဲ့ မရဘဲ စွန့်လွှတ်ခဲ့ရပေမယ့်
အရှေ့မြောက်နယ်စပ်ဒေသမှာ ဆေးမှူးအဖြစ် သူထမ်းဆောင်ခဲ့ပါတယ်။
ကေအိုင်အို
ကချင်လက်နက်ကိုင်အဖွဲ့မှာ ဒုတိယဥက္ကဋ္ဌဖြစ်ခဲ့တဲ့ ဒေါက်တာတူးဂျာဟာလည်း
သွားဆရာဝန်တယောက် ဖြစ်ပါတယ်။
ထောင်ကျသော
ဆရာဝန် အမတ်များနဲ့ အေဘီ လော်ဘီဆရာဝန်များ
၁၉၈၇ ခုနှစ်
ဝန်းကျင်က မြန်မာ့ရုပ်မြင်သံကြားကနေ အငြိမ့်လူရွှင်တော်အဖြစ် ကျော်ကြားလာတဲ့
ဇာဂနာခေါ် ကိုသူရဟာ သွားဆေး တက္ကသိုလ် ကျောင်းသားဖြစ်ပါတယ်။ ၁၉၈၈ နောက်ပိုင်း
ထောင်နှစ်ရှည်ချခံခဲ့ရတဲ့ ဇာဂနာဟာ ၂ဝဝ၇ ရွှေဝါရောင်လှုပ်ရှားမှုထိ နိုင်ငံရေး
လှုပ်ရှားမှုတွေ လုပ်ခဲ့သလို စစ်အစိုးရကို ပြက်လုံးထုတ်အန်တုခဲ့သူ ဖြစ်ပါတယ်။
သူနဲ့အတွဲညီခဲ့တဲ့ လူရွှင်တော် ပလာယာ ကတော့ NLD
ခေတ် ရှမ်းပြည်နယ် ဝန်ကြီးချုပ်
ဒေါက်တာလင်းထွဋ် ဖြစ်ပါတယ်။
၁၉၈၈
အရေးအခင်းမှာတော့ လက်ဝဲယူဂျီဘက်ကရော လက်ယာနိုင်ငံရေး လှုပ်ရှားမှုမှာပါ ဆရာဝန်တွေ
ပါဝင်ပတ်သက်ခဲ့ကြပါတယ်။ ထင်ရှားတဲ့ ယူဂျီ ဒေါက်တာမော်ဇင်နဲ့ ဒေါက်တာဇော်မင်းတို့
နှစ်ပေါင်း များစွာ ထိန်းသိမ်း ခံခဲ့ရသလို ဒေါက်တာစင်သီယာမောင်ကတော့
နယ်စပ်ထွက်ပြီး မယ်တော်ဆေးခန်းကို ထူထောင်ကာ ဒုက္ခသည်တွေကို ဆေးကုပေးခဲ့ပါတယ်။
ဒီအတွက် သူ့ကို ရေမွန် မက်ဆေးဆေးဆု ချီးမြှင့်ခံခဲ့ရပါတယ်။
၁၉၉ဝ
ရွေးကောက်ပွဲမှာ ဆရာဝန်အများအပြား ရွေးကောက်ခံရပြီး အယောက် ၅ဝ ပါတယ်လို့ သိရပါတယ်။
နောက် ၁၉၇၇၊ ၁၉၇၉ နဲ့ ၁၉၈ဝ ဝန်းကျင်က ဆရာဝန်ဖြစ်သူတွေထဲမှာ အမတ်အဖြစ် နိုင်ငံရေး
ထဲ ဝင်လာသူတွေ ရှိကြပါတယ်။ ဒီထဲက ဒေါက်တာ ဇော်မြင့်မောင်၊ ဒေါက်တာမြင့်နိုင်၊
ဒေါက်တာအောင်မိုးညို ဆိုတဲ့ NLD
ဝန်ကြီးဖြစ်သူ သုံးယောက်ဟာ ၁၉၉ဝ မှာ
အမတ်ဖြစ်လာပြီး လွှတ်တော် မတက်ခဲ့ ရဘဲ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံခဲ့ရသူတွေ ဖြစ်ကြ
ပါတယ်။ ဆရာဝန်အမတ်တချို့ နုတ်ထွက်တာတွေ ရှိသလို ဒေါက်တာတင့်ဆွေနဲ့
ဒေါက်တာစန်းအောင်တို့လို ပြည်ပထွက်ပြီး စင်ပြိုင်အစိုးရ ဝန်ကြီး ဖြစ်လာသူလည်း
ရှိပါတယ်။ ဒေါက်တာ သောင်းထွန်း ကတော့ စင်ပြိုင်အစိုးရရဲ့
ကုလသမဂ္ဂကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၈ မှာ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ က ခန့်တဲ့
လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစောမြအောင် ကိုလည်း စစ်အစိုးရက ဖမ်းဆီးခဲ့ပါတယ်။
ရန်ကုန်ဆေးတက္ကသိုလ်
၂ က ဆေးကျောင်းသား ကိုဇော်ထွန်းဟာ ၁၉၈၈ အထွေထွေသပိတ်ကော်မတီမှာ
အတွင်းရေးမှူးဖြစ်ခဲ့ပြီး ၁၉၈၉ နောက်ပိုင်း အေဘီအက်စ်ဒီအက်ဖ်
ကျောင်းသားတပ်မတော်မှာ ထမ်းဆောင်ရင်း ထိုင်းနယ်စပ်တနေရာမှာ လုပ်ကြံသတ်ဖြတ်ခံရသလို
အေဘီအက်စ် ဒီအက်ဖ် စစ်ကြောင်းမှာ မိတဲ့ ဆရာဝန်တချို့ကို အစိုးရတပ်က
ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိခဲ့ပါတယ်။ ၁၉၈၈ အာဏာ သိမ်းအပြီး ပစ်ခတ်မှုတွေအတွင်း
မှာတော့ ဆေးတက္ကသိုလ် ၂ က ကျောင်းသား လျှောမွေးခေါ် ကိုဇော်လွင်ထွန်း
သေဆုံးခဲ့ပါတယ်။
အေဘီအက်စ်ဒီအက်ဖ်
ကျောင်းသားတပ်ရဲ့ လက်ရှိဥက္ကဋ္ဌ ရဲဘော်သံခဲဟာလည်း ဆေးကျောင်းသားဟောင်းဖြစ်ပြီး
ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်ကလည်း ဆရာဝန်ဖြစ်ပါတယ်။ ဒေါက်တာနိုင်အောင်နဲ့
မန္တလေး ဆေးတက္ကသိုလ်က တောခိုလာတဲ့ ကိုရော်နယ်အောင်နိုင်တို့ဟာ အေဘီအက်စ်ဒီအက်ဖ်
မြောက်ပိုင်းက သတ်ဖြတ်မှုတွေမှာ လက်သည်မကင်းဘူးဆိုပြီး စွပ်စွဲပြစ်တင်ခံခဲ့ရပါတယ်။
နောက်
သူတို့နဲ့ ခေတ်ပြိုင် ဒေါက်တာဇော်ဦး၊ ဦးဝင်းမင်း၊ ဦးအောင်သူငြိမ်းစတဲ့
ဆေးကျောင်းသားနဲ့ အေဘီခေါင်းဆောင်ဟောင်း တချို့ဟာလည်း ထိုင်းမှာ အခြေပြုပြီး
ဗဟုနိုင်ငံရေးအဖွဲ့ ထူထောင်ခဲ့သလို ၂ဝ၁၂ နောက်ပိုင်း ပြည်တွင်းအခြေစိုက်
နိုင်ငံရေးနဲ့ စီးပွားရေး အကြံပေးအဖွဲ့တွေမှာ ပါဝင်ခဲ့ကြပါတယ်။
၁၉၉၄ မှာတော့
ယူနီဆက်ဝန်ထမ်းဟောင်း သွားဆရာဝန် ဒေါက်တာခင်ဇော်ဝင်းကို အတိုက်အခံနဲ့ ဆက်စပ်တဲ့
စာရွက်စာတမ်းတွေ သယ်ဆောင်တယ်ဆိုပြီး ၁၁ နှစ်ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်
လာတဲ့အခါမှာ နိုင်ငံရေး ဝေဖန်သုံးသပ်သူအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ ၂ဝဝဝ ပြည့်လွန်နှစ်တွေမှာပဲ
ဒေါက်တာနေဝင်းမောင်ရဲ့ အီးဂရက်စ်အဖွဲ့ကလည်း ၂ဝဝ၈ ဖွဲ့စည်းပုံအောက်က ရွေးကောက်ပွဲ
ဝင်ရေး လမ်းကြောင်းမှာ တွန်းအားပေးသူတွေ အဖြစ် ထင်ရှားလာပါတယ်။
ဒီမိုကရေစီပြတင်းပွင့်ချိန်နဲ့
ဆရာဝန်များ
၂ဝ၁၂ မှာ
နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်လာပြီးနောက် ဆရာဝန်တွေ လွှတ်တော်ထဲ ရောက်လာကြပါတယ်။
ဒီထဲမှာ NLD ပါတီဝင် အမတ် မျိုးဆက်သစ်တွေ
ထွက်လာပြီး မွန်နဲ့ တခြား လူမျိုးစု တွေထဲက ထင်ရှားသူ ဆရာဝန်အမတ်နဲ့
ဝန်ကြီးတွေလည်း ရှိပါတယ်။ ဒီထဲက ရခိုင် RNDP
ခေါင်းဆောင် အမျိုးသားလွှတ်တော်အမတ်
တိရိစ္ဆာန်ဆရာဝန် ဒေါက်တာအေးမောင်ဟာ ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ထင်ရှားခဲ့သလို
သမ္မတ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ယောက်၊
တပ်ချုပ်တို့နဲ့အတူ ၂ဝ၁၅ က ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲမှာ ပါခဲ့အတွက်
ထင်ရှားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လက်ထက် မြောက်ဦးမှာ လှုံ့ဆော် ဟောပြောမှုနဲ့
ထောင် အနှစ် ၂ဝ ကျခဲ့ပြီးနောက် စစ်အာဏာသိမ်းပြီးနောက် မကြာခင်က
ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ကြံ့ခိုင်ရေးအမတ်ထဲက
ဒုတိယသမ္မတဖြစ်ခဲ့တဲ့ ဒေါက်တာစိုင်းမောက်ခမ်းဟာလည်း ရှမ်းစာပေနဲ့
ယဉ်ကျေးမှုအဖွဲ့မှာ ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ မှာ NLD နိုင်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမားတော်နဲ့
နိုင်ငံရေး တက်ကြွသူ ဒေါက်တာတင်မျိုးဝင်း သမ္မတ ဖြစ်မယ်ဆိုပြီး သတင်းပြေးခဲ့ပေမယ့်
ငြိမ်းချမ်းရေး ကော်မရှင်မှာ ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ NLD ခန့်တဲ့ ဆရာဝန်မြို့တော်ဝန်တွေထဲမှာတော့
မန္တလေးက ဒေါက်တာရဲလွင်ကို လူကြိုက်များခဲ့ပါတယ်။ တနင်္သာရီတိုင်းမှာတော့ ဝန်ကြီးချုပ်
ဒေါက်တာလဲ့လဲ့မော် လာဘ်စားမှုနဲ့ ထောင်ကျခဲ့ပါတယ်။
၂ဝ၂ဝ
ရွေးကောက်ပွဲမှာလည်း NLD
က အရွေးခံရသူဆရာဝန် အတော်များပါတယ်။
သူတို့လွှတ်တော်မတက်ခင်မှာ အာဏာသိမ်း သွားပြီးနောက် ပထမဆုံး
စီဒီအမ်လှုပ်ရှားသူတွေထဲမှာ ဆရာဝန်တွေ ပါသလို မန္တလေးကနေ ပထမဆုံးလမ်းပေါ်ထွက်
ဆန္ဒပြသူတွေထဲမှာ လည်း ဒေါက်တာတေဇာစန်း ခေါင်းဆောင်ခဲ့ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက မကြာခင်က ခန့်တဲ့ ခေတ္တ ပညာရေး၊
ကျန်းမာရေး၊ အားကစား၊ အလုပ်သမား နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနဝန်ကြီး
ဒေါက်တာဇော်ဝေစိုးဟာလည်း ဆေးတက္ကသိုလ် ၁ ပါမောက္ခချုပ်အဖြစ်
စီဒီအမ်လှုပ်ရှားမှုမှာ ခေါင်းဆောင်ခဲ့သလို ကိုဗစ်ထိန်းချုပ်ကုသရေးမှာလည်း
ဦးဆောင်ခဲ့သူ တယောက် ဖြစ်ပါတယ်။
ဆန္ဒပြနှိမ်နင်းမှုတွေအတွင်း
ဆေးတက္ကသိုလ် ၁ က ပထမနှစ်ကျောင်းသား ခန့်ငြားဟိန်း ကျဆုံးသလို
ဖမ်းဆီးဝရမ်းထုတ်ခံရတဲ့ ဆေးကျောင်းသားနဲ့ စီဒီအမ်ဆရာဝန်တွေ ရှိပါတယ်။
ဒီနှိမ်နင်းမှုတွေ အတွင်း ထိခိုက် ဒဏ်ရာရသူတွေ ကုသရေးမှာလည်း မြန်မာပြည်က
ဆရာဝန်နဲ့ သူနာပြုတွေဟာ ကမ္ဘာစစ်၊ ပြည်တွင်းစစ်နဲ့ ၁၉၈၈၊ နာဂစ် စတဲ့ အရေးပေါ်ကာလ
ကုသမှုတွေမှာလိုပဲ စောင့်ရှောက်ကုသခဲ့ ကြတာကို တွေ့ရပါတယ်။ ပြည်ပ မှာတော့
ဒေါက်တာဆာဆာက အထူးကိုယ်စားလှယ်အဖြစ် CRPH
တာဝန်တွေကို ထမ်းဆောင်နေပြီး
ပြည်ပရောက် မြန်မာဆရာဝန်တွေရဲ့ စီဒီအမ်အတွက် ရန်ပုံငွေ ကောက်ခံစုဆောင်းမှုတွေကိုလည်း
တွေ့ရပါတယ်။
Comments
Post a Comment