Cervicitis သားအိမ်ဝ ရောင်ခြင်း

(ကန်တော့)


ဆရာရှင့် ကျမအသက် ၂၄ နှစ်ပါ။ အိမ်ထောင်ကျတာ ၄ နှစ်ပါ။ သားအိမ်ခေါင်ကင်ဆာ ရှိမရှိ စစ်ထားတာ အဖြေလွှာကို OG နဲ့ တပတ်နေမှပြရပါမယ်ရှင်။ သားအိမ်ခေါင်ကင်ဆာ ရှိမရှိ အရမ်းသိချင်နေလို့ တရိုတမေး မြန်းပါတယ်ဆရာရှင့်။ ကျေးဇူးပြုပြီး ပြန်လည်ဖြေကြားပေးပါနော်။ အဝေးနယ်က ကိုယ်ဝန်ကြီးနဲ့မို့ပါဆရာ။ (သားအိမ်ဝကင်ဆာစစ်ဆေး = ရောင်ရမ်းဖြစ်စဉ်ရှိ။ ကင်ဆာမရှိ။ ဆေးကုရင် ရက်ပိုင်းနဲ့ ပျောက်မယ်။ သားအိမ်ဝရောင်ခြင်းစာ ဘလော့မှာ ဖတ်နိုင်။)


၂။ ကျွန်မ ဆရာဆေးအကြောင်းတွေပတ်သက်ပြီး တင်တာလေးတွေ တွေ့လို့ အကူညီတောင်းမိတာပါ။ OG ကတော့ ပြောဘူးပါတယ်။ သားအိမ်ခေါင်းနဲနဲရောင်နေတယ်လို့ ကျွန်မ ဆိုးရိမ်မိတာက ခုလိုမျိုးပြည်တွေလိုဆင်းရင် သားအိမ်ကင်စာဖြစ်တတ်တယ်လို့ပြောကြိလို့ပါဆရာ။ (စိုးရိမ်မိတာလို့ရေးရတယ်။ သားအိမ်ကင်ဆာလို့ရေးရတယ်။)


၃။ သမီး ဒုုတိယအကြိမ် Pap smear test မှာတော့ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တော့မတွေ့ပါဘူး။ သားအိမ်ဝတော့ နည်းနည်းရောင်နေသေးတယ်လိုု့ပြောပါတယ်။ ဒါပေမဲ့ ဆီးစပ်နဲ့ခါးအောက်ပိုုင်းတော့ကိုုက်နေပါသေးတယ်။ ဆရာဝန်ကတော့ ပိုုးသတ်ဆေးထပ်မပေးတော့ပါဘူး ဒါမျိုးက အချိန်ကြာကြာ ရောဂါအမြစ်မပြတ်ဘဲ ကိုုက်ခဲမှုတွေ ဖြစ်တက်ပါသလားရှင့် သမီးသိချင်လိုု့ပါ။


၄။ ကျွန်မက အသက် ၂၇ နှစ်ပါ။ လွန်ခဲ့တဲ့ တစ်နှစ်က ကျွန်မ သားအိမ်ခေါင်းချွဲမှေး test လုပ်ခဲ့ပါတယ်။ အဖုလေးတွေ ပေါက်နေလို့ပါ။ result ကတော့ abnormal cell clear ပါတဲ့။ ညဖက်ထဲ့ဆေးလေး ထည့်ပါတယ်။ အဖုလေးတွေကတော့ အရှင်းမပျောက်ပါဘူး။ တစ်နှစ်ပတ်လုံးပါပဲ။ ပျောက်လိုက် တခါတလေ အဖုအကြီးကြီးတွေ ပြန်ဖြစ်နေလိုက်နဲ့ပါပဲ။ သမီး စိတ်အရမ်းညစ်ပါတယ်။ အခု မေလရောက်မှ တစ်နှစ်ပြည့်မှာပါ။ OG က တစ်နှစ်ပြည့်မှ ပြန်စစ်ပါလို့ပြောပါတယ်။ တကယ်လို့ အခု သမီးမှာ ကိုယ်ဝန်ရှိနေခဲ့ရင် စစ်လို့ရပါသေးလားဆရာ။ ရောဂါရော ဘယ်လိုကုလို့ ရပါသလဲဆရာ။ ရောဂါရှိနေခဲ့ရင် ကလေးကိုထိခိုက်နိုင်လားဆရာ။ အဲဒီအဖုလေးတွေက ဘာကြောင့် ဖြစ်ရတာလဲဆိုတာ OG က သေချာ မပြောပါဘူးဆရာ။ အိမ်ထောင်သက်က ငါးနှစ်ပါ။


၅။ Cervicitis ဆိုတာ ရောဂါလား၊ ဘာပါလဲ။ ဘာကြောင့်ဖြစ်ရတယ် ဆိုတာရယ် ဖြစ်နေတာက ရောဂါဆို ဘယ်လို ကုသရတယ်၊ ဘာတွေ ရှောင်လို့ ဘယ်လိုနေရတယ်၊ ကျန်းမာရေးပညာပေး ပြောပြရှင်းပြပေးပါ။


၆။ ကန်တော့ပါ ဆရာရှင့်။ ကျွန်မအသက်က ၁၈ နှစ်၊ အပျိုပါ။ ဓမ္မတာလာတာမမှန်တာ ၃ နှစ်လောက်ရှိပါပြီ။ ၃ လတခါ ၂လ တခါမှ ပေါ်ပါ်တယ်။ တခါပေါ်ရင် ၇ ရက်လောက်ကြာပါတယ်။ ဆရာဝန်နဲ့ပြတာလည်း တနှစ်လောက်ရှိပါပြီ မပျောက်ပါဘူး။ ဆေးထိုးဆေးသောက်ရင်တော့ တလတခါပုံမှန်လာပါတယ်။ ဆေးပြတ်သွားရင် မမှန်တော့ပြန်ဘူး။ အဲ့ဒါနဲ့ ဆေးစစ်တာ အဖြေက mild inflammatory smear လို့ ပြောထားလို့ပါဆရာ။ သားအိမ်ဝမှာလည်း အနီစက်လေးတွေ ရှိတယ်လို့ ဆရာဝန်ကပြောပါတယ်။ စိုးရိမ်ရလားသိချင်ပါတယ်ဆရာ။ (အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေးစာဖတ်ပါ။)


၇။ ဆရာမင်္ဂလာပါရှင့်။ ကျွန်မအသက်က ၂၉ နှစ် အပျိုပါ။ ရာသီလာတိုင်း အမြဲလိုလို ပထမရက်တွေမှာ ခါးကိုက်တယ်။ ဆီးစပ်ကနာတယ်။ မီးယပ်အဖြူလဲ အမြဲလိုလိုနည်းနည်းဆင်းလိုက် များများဆင်းလိုက်ဖြစ်နေပါတယ်။ ဘာဆေး သောက်ရမလဲပြောပြပေးပါ။ ဖီလီမောသားအိမ်ဆေးအကြောင်းလဲသိချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ (ဖီလီမော သားအိမ်ဆေးဆိုတာ ကြော်ငြာဆေးသာဖြစ်တယ်။ အမျိုးသမီးများ တကိုယ်ရေသန့်ရှင်းရေးစာဖတ်ပါ။)


Cervicitis ဆိုတာ သားအိမ်အဝရောင်တဲ့ရောဂါဖြစ်တယ်။ အဖြစ်များတယ်။ အမျိုးသမီးတဝက်လောက် တသက်မှာတခါ ဖြစ်တတ်ကြတယ်။ ဖြစ်နေမှန်း မသိကြတာလဲ မနည်းဘူး။ (ဗဂျိုင်းနား) ရောင်ရာကနေ ဆက်ဖြစ်လာနိုင်တယ်။ အသက် ငယ်ငယ်နဲ့ ဖို-မဆက်ဆံတာ၊ လိင်ဆက်ဆံနည်း ဆန်းပြားတာ၊ (ကွန်ဒွမ်) မပါဘဲ ဆက်ဆံတာ၊ အရင်က လိင်ကတဆင့် ကူးစက်ရောဂါ ဖြစ်ဘူးတာ၊ လိင်ဆက်ဆံဘက် အဖေါ်များတာတွေက ဒီရောဂါ ပိုဖြစ်စေပါတယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေထဲက ဂနိုရီးယား၊ (ကယ်လ်မီဒီယား)၊ (ထရွိုင်ကိုမိုးနပ်စ်)၊ (အိတ်ချ်အိုင်ဗွီ)၊ လိင်လမ်း ရေယုံတွေကနေ ဖြစ်လာစေနိုင်တယ်။ HPV လိင်လမ်းကြွက်နို့ကနေ အဲလိုဖြစ်လာနိုင်တယ်လို့ဆိုပေမဲ့ Mayo Clinic ကတော့ သက်သေမရှိဘူးလို့ ဆိုပါတယ်။


ရောဂါပိုး မဟုတ်ပေမဲ့ -

• မွေးလမ်းဆေးကြောင်းသုံး ဆေးရည်တွေ၊

• ရာသီလာစဉ်သုံးတဲ့ ပစ္စည်းတွေ၊

• ကိုယ်ဝန်တား ပစ္စည်းတွေ ဆေးတွေ၊

• သုတ်ပိုးသတ်ဆေး၊ (ကွန်ဒွမ်) တွေနဲ့ မတည့်သူတွေမှာလဲ ပိုးဝင်တာ ပိုလွယ်စေတယ်။

• စစ်ဆေးရာမှာသုံးတဲ့ ခွဲစိတ်ကရိယာတွေကနေလဲ ပိုးမသန့်ရင် ဖြစ်နိုင်တယ်။

• တချို့မှာ ဘာလို့ဖြစ်သလဲ ရှာမတွေ့တတ်ပါ။


သားအိမ်ဝရောင်တယ်ဆိုတာနဲ့ အရင်ဆုံးသိလာမဲ့ လက္ခဏာကတော့ မွေးလမ်းကြောင်းကနေ တခုခုဆင်းတာ ဖြစ်တယ်။ အဖြူရောင်၊ အဝါရောင်၊ မီးခိုးရောင် စတဲ့ အရောင်တွေလဲ ဆင်းနိုင်တယ်။ ရာသီဆင်းအပြီး ပိုသိသာတယ်။ ယားမယ်၊ အနေရခက်မယ်၊ ဆက်ဆံရင် နာမယ်၊ ကြားရက်ဖြစ်ဖြစ်၊ ဆက်ဆံနေစဉ်ဖြစ်ဖြစ် သွေးဆင်းမယ်၊ ဆီးပူ-ဆီးအောင့်မယ်၊ ခါးဖြစ်ဖြစ် ဆီးစပ်ဖြစ်ဖြစ် နာမယ်။ ဆိုးတဲ့အဆင့် ဖြစ်လာရင် အနံ့ဆိုးဝါးတာတွေ ဆင်းမယ်။ ဒိနောက် ကိုယ်ပူလာမယ်၊ ပျို့ခြင်လာမယ်။


ရောဂါလို့ သံသယနဲ့လာသူကို ရောဂါရာဇဝင် မေးတယ်။ ခံစားနေရာတာအပြင် လိင်ဆက်ဆံရေး၊ အိမ်ထောင်ရေး မေးမယ်။ မွေးလမ်းစစ်ဆေးမယ်။ မွေးလမ်းကဆင်းနေတာကို ရယူစစ်ဆေးမယ်။ သားအိမ်အဝကင်ဆာ ဟုတ်-မဟုတ်ကို Pap smear test နည်းနဲ့ သိနိုင်တယ်။


1. ကယ်လ်မီးဒီးယားပိုးက ဂနိုးရီးယားပိုးထက်ပိုပြီး အဖြစ်များတယ်။

2. နည်းနည်းပါးပါးဖြစ်တတ်တဲ့ ရေယုံနဲ့ ထရွိုင်ကိုမိုးနပ်စ်ပိုးတွေကနေ သားအိမ်အဝရဲ့ အပေါ်ယံလွှာကို ထိခိုက်စေတယ်။

3. Mycoplasma genitalium, Streptococci A and B ဗက်တီးရီးယားတွေကလည်းဖြစ်စေတယ်။

4. Cytomegalovirus ဗိုင်းရပ်စ်ကြောင့်ဖြစ်ရင် လက္ခဏာမပြတာ များတယ်။


ပိုးသေဆေးတွေက အတော်နိုင်ပါတယ်။ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေဆိုရင် ဆိုင်ရာ-နိုင်ရာ ဆေးတွေ ပေးရမယ်။ ကယ်လ်မီးဒီးယားကြောင့်သားအိမ်ဝရောင်တာကို Doxycycline ဆေးပေးတာ များတယ်။ မွေးလမ်းရေယုံဆိုရင် Acyclovir (Zovirax) ဆေးပေးမယ်။ ၇ ရက် လိင်မဆက်ဆံပါနဲ့။ စိတ်ချရတဲ့ လိင်ဆံမှုပြုပါ။ ကိုယ့်အဖေါ်ကိုယ် သိပါ။ အဖေါ်များတာ မကောင်းပါ။ ရောဂါပိုးက မွေးလမ်းမှာ ရောဂါစကတည်းက သားအိမ်အထိ မရောက်ခင် ဆေးကုပါ။ လျှပ်စစ်နည်း၊ အေးခဲစေနည်းနဲ့ လေဆာနည်းတွေနဲ့လဲ လုပ်နိုင်တယ်။ ဆေးနဲ့မရမှ လုပ်ပါတယ်။ ဒါတွေလုပ်ရင် မွေးလမ်းကျဉ်းတာ ထိခိုက်တာတွေ ဖြစ်နိုင်တယ်။


ဘာမှ မခံစားရလို့ မကုဘဲနေရင် ကြာတော့ -

1. PID ခေါ် တင်ပဆုံတွင်းအင်္ဂါတွေရောင်တာ ဆက်ဖြစ်လာနိုင်တယ်။

2. ကလေးမရ ဖြစ်နိုင်တယ်။

3. သားအိမ်ပြင်ပ သန္ဓေတည်နိုင်တယ်။

4. ဆီးစပ်နေရာ တာရှည် နာနေတတ်တယ်။

5. သူ့အလိုလို ကိုယ်ဝန် ပျက်တတ်တယ်။

6. သားအိမ်အဝ ကင်ဆာ ဖြစ်နိုင်တယ်။

7. ကလေး စောမွေးနိုင်တယ်။

8. မွေးလာတဲ့ကလေး ပိုးဝင်နိုင်တယ်။ နူမိုးနီးယား၊ မျက်စိထိခိုက်တာတွေ ဖြစ်နိုင်တယ်။


(ကယ်လ်မီးဒီးယား) ကို ကုသရတာ မခက်ပါ။

• Azithromycin 1 gm တခါတည်းသောက်ပါ။ ဒါမှမဟုတ်

• Azithromycin 500mg ပဌမနေ့၊ 250mg တနေ့တကြိမ်နဲ့ နောက်ထပ် ၃ ရက်၊ ဒါမှမဟုတ်

• Doxycycline 100 mg တနေ့ ၂ ကြိမ်၊ ၇-၁၄ ရက်သောက်ပါ။

• HIV-positive ဖြစ်နေသူတွေလဲ အတူတူပေးနိုင်တယ်။

• Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်၊ Rosaramicin ဆေးတွေကို 95% ပျောက်မယ်။

• Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇ ရက်။ ဆေးပေးတာ ၇၇-၁ဝဝ% ပျောက်တယ်။

• Ofloxacin, Trovafloxacin, Minocycline, Lymecycline, Clarithromycin, Ampicillin, Rifampicin ဆေးတွေ ပေးတာကို တိကျတဲ့ အထောက်အထား မရှိသေးဘူး။

• Ciprofloxacin ပေးတာ ၆၃-၉၂% ပျောက်တယ်လို့ သုတေသနတခုကတွေ့ပြီး နောက်တခုက မတွေ့ရဘူး။

• ကိုယ်ဝန်ဆောင်ကို Azithromycin တခါတည်းပေးတာက Erythromycin x 7 days ပေးတာထက် ပိုကောင်းတယ်။

• ဆေးသောက်နေစဉ်မှာ အတူနေတာကို တပတ်ရှောင်နေသင့်ကြတယ်။


Dr. တင့်ဆွေ


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်