Cervix သားအိမ်အဝ

(ကန်တော့)


၁။ ဆရာရှင့် မရိုမသေမေးခွင့်ပြုပါနော်။ ကျွန်မ abortion ဖြစ်တာ တလရှိပါပြီ။ ခု လက်ဖြင့်စမ်းကြည့်လျျှင် သားအိမ်အဝ ပိတ်နေသလိုဖြစ်နေပါသည်ဆရာ။ သေချာချင်ပါသဖြင့် မှန်ထောင်ကြည့်ပါသေးသည်။ သားအိမ်အဝပိတ်ရခြင်း အကြောင်းရင်းကို ဖြေကြားပေးပါနော်ဆရာ။ မရိုမသေစကားကြောင့် ခွင့်လွှတ်ပေးပါဆရာ။


၂။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ သားအိမ်အဝဟာပိတ်နေတယ်ဆိုတာ ဟုတ်လားရှင့်။ ကိုယ်ဝန်ပျက်/ဖျက်တဲ့သူဟာ သားအိမ်ပွင့်သွားလို့လား။ ပျက်ပြီးရင် သားအိမ်ဝက ပြန်ပိတ်သွားတာလားရှင့်။ ကိုယ်ဝန်ပျက်/ဖျက်ပြီးရင် သားအိမ်ဝက ပွင့်နေတဲ့အတွက် ပိုးဝင်နိုင်တယ်လို့ ဆရာဝန်တွေက ပြောကြလို့ပါ။ ကိုယ်ဝန်ဆောင်မဟုတ်ပဲ သာမန် အမျိုးသမီးတွေမှာကော သားအိမ်ဝကပွင့်နေလား ပိတ်နေတာလား သိချင်ပါတယ်။ သားအိမ်ပိုးဝင်တာအတွက် သောက်ရတဲ့ ပိုးသတ်ဆေးက ပိုးတွေကိုသေစေရုံပဲလား။ မျိုးဥထွက်မှုကိုကော ထိခိုက်စေနိုင်လား။


မေးခွန်း (၁) အဲလို ကိုယ်တိုင်စမ်းလို့မသိနိုင်ပါ။ ဆရာဝန်မဟုတ်သူလည်း မသိနိုင်ပါ။ သားအိမ်ဝကိုစမ်းရင် (၁) VE ဆရာဝန်လက်ချောင်းနဲ့ ထိတွေ့ပြီးစမ်းနည်း။ Speculum ကရိယာထည့်ပြီး မျက်စိနဲ့ကြည့်နည်း။ (၃) Pap smear အရည်ကိုယူပြီး ဓါတ်ခွဲစမ်းနည်းနဲ့ (၄) Biopsy အသားစဖြတ်ယူစမ်းနည်းတွေပါ လုပ်ရတယ်။


သားအိမ်ခေါင်းလို့ ခေါ်တဲ့သူက များတယ်။ အမှန်ပြောရရင် Head ခေါင်းမဟုတ်ပါ။ Os အဝလည်း မတိကျသေးပါ။ Neck လည်ပင်းလို့လည်းခေါ်တယ်။ အဲတာလည်း ဝေါဟာရသာဖြစ်တယ်။ Mouth ပါးစပ်လို့ပြောတာက လက်တွေ့ကျတယ်။ သားအိမ်အဝဆိုတာ ပိတ်ထားတဲ့ ပါးစပ်လိုပဲ။ အထက်အောက် နှုတ်ခမ်းတွေမဟသမျှ ပိတ်နေတယ်။ အပေါက်မပါတာတော့ မဟုတ်ပါ။ သားအိမ်ဝက လက်ညှိုးနဲ့လက်မကို ထိ-စိ-ဝိုင်းထားသလိုသဘောနေတယ်။


သားအိမ်ဝဟာ အမြဲတမ်း (ကလေးမွေးတာ၊ ကိုယ်ဝန်ပျက်တာမဟုတ်ရင်) ပိတ်ထားတဲ့ပါးစပ်လိုနေတယ်။


ရာသီဆင်းချိန်မှာ စိမ့်ထွက်နိုင်လောက်အောင်သာပွင့်တယ်။ ကိုယ်ဝန်ဆောင်ရင် မပေါ်ချင်မချင်း နဂိုအတိုင်သာ ပိတ်ထားတဲ့ပါးစပ်လိုဘဲနေတယ်။ ကိုယ်ဝန်ပျက်ရင် နည်းနည်းလေးပွင့်ပွင့်လာတယ်။ အတုံးအခဲဆင်းနိုင်လောက်အောင် ပွင့်တယ်။ လုံလောက်အောင် မပွင့်ဘဲ နေတာလဲရှိတယ် ပိုနာမယ်။ ရက်ပိုကြာမယ်။ အဲလိုလူနာကို သားအိမ်ခြင်တဲ့အခါ ချဲ့ပေးပြီးမှ ခြစ်ထုတ်ရတယ်။ D and C လို့ခေါ်တယ်။ ဒီဆိုတာက ချဲ့ပေးတာ။ စီကခြစ်တာ။ လေဟာနယ်ကရိယာနဲ့ စုပ်ရရင်လဲ ကရိယာလေး ထည့်နိုင်အောင် ချဲ့ပေးရတတ်တယ်။


ကိုယ်ဝန်တား (ကောပါးတီ) ထည့်ရင် တချို့ကို သားအိမ်ဝက လုံးဝမပွင့်ရင် နဲနဲလေး ချဲ့ပေးပြီးမှသွင်းရတတ်တယ်။


ကိုယ်ဝန်ရင့်လာလို့ တချို့က မလိုအပ်ဘဲပွင့်တာရှိတတ်တယ်။ Cervical incompetence ခေါ်တယ်။ သားအိမ်ဝကို ချုပ်ထားပေးပြီး တကယ်မွေးဖွါးတော့မှ ဖြုတ်ပေးရတယ်။ ကလေးမီးဖွါးတော့မယ်ဆိုရင် ဗိုက်နာတာနဲ့ သားအိမ်ဝက စပွင့်လာမယ်။ လက်တချောင်းစာ၊ ၂ ချောင်းစာ စသဖြင့် ပွင့်ပွင့်လာတော့မယ်။ ၁ဝ စင်တီမီတာအထိပွင့်ရင် ကလေးဖွါးနိုင်ပြီ။ မီးဖွါးဘို့ရာ ဗိုက်နာပေမဲ့ သားအိမ်ဝက လုံလောက်အောင်မပွင့်ရင် ပွင့်ဆေးပေးရတာလဲရှိတယ်။ သားအိမ်ဝက ပွင့်ပေမယ့် ဗိုက်ကလုံလောက်အောင်မနာရင် ဆေးသွင်းပေးရတယ်။ အဲဒီ ဖြစ်စဉ် ၂ ခု ဟန်ချက်ညီနေမှသာ ပုံမှန်မွေးဖွါးတာဖြစ်တယ်။


သားအိမ်ဝဟာ မဟဘဲပိတ်ထားသလိုနေပမဲ့ မျက်စိနဲ့မမြင်နိုင်အောင်သေးတဲ့ပိုးတွေ ကောင်းကောင်းဝင်နိုင်တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆိုရင် ကလေးက ရေမွာအိပ်ထဲနေလို့ လုံခြုံတယ်။ ရေမွာအိတ်စောပေါက်သူတွေကို မြန်မြန် မွေးအောင် လုပ်ပေးရတယ်။ အချိန်ကြာရင် ပိုးဝင်တာနဲ့ အာဟာရနည်းတာ ကလေးမှာဖြစ်လာစေနိုင်တယ်။ 


ပွင့်ဟလာတဲ့ သားအိမ်ဝဟာ ကိုယ်ဝန်ပျက်လို့ဖြစ်ဖြစ်၊ သားအိမ်ခြစ်ပြီးလို့ဖြစ်ဖြစ်၊ မွေးလမ်းကြောင်းကနေ ကလေးဖွါးလို့ ဖြစ်ဖြစ် ပြီးစီးတာနဲ့ ချက်ချင်းဆိုသလို ပြန်ပိတ်မယ်။ ဒါပေမဲ့ ကလေးဖွါးဘူးသူတယောက်ဟာ မမွေးဘူးသူထက် ပိုသိသာမယ်။ တချို့ကိုယ်ဝန်ဆောင်တွေဟာ တကယ်ကလေးမမွေးချင်သေးဘဲ နည်းနည်းဖြစ်ဖြစ် ဟနေတတ်တာ ရှိတတ်တယ်။ ရောဂါမဟုတ်ပါ။ 


မျိုးဥထွက်မှုကိုတော့ ပိုးသေဆေးတွေက သက်ရောက်မှုမရှိပါ။ မျိုးဥထွက်တာက ဟော်မုန်းထွက်ခြင်းနဲ့ဆိုင်တယ်။ ဗက်တီးရီးယားသေဆေးတွေ မလိုဘဲသောက်ရင် မှိုပိုးတွေပွါးလာနိုင်တယ်။ အဖြူဆင်းတာဖြစ်နိုင်တယ်။ ဆေးကြော သန့်ရှင်းတာမှာလဲ ပိုးသေဆေးတွေပါနေရင် အဲလိုဖြစ်နိုင်တယ်။


ရောဂါပိုးတွေဟာ သားအိမ်အဝပိတ်နေလည်း ကူးစက်နိုင်တယ်။ လိင်ကတဆင့် ကူးစက်ရောဂါတွေဆိုတာ အဲဒီနေရာမှာ ဖြစ်ရတာများတယ်။ ရောဂါတွေဖြစ်တာ သားအိမ်နှုတ်ခမ်းမှာသာ အဖြစ်များတယ်။ သားအိမ်ကိုယ်ထည်အထိရောက်တာက နည်းတယ်။ ကင်ဆာလည်း အဲလိုဘဲ။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်