Endometriosis (1) သားအိမ်ရောဂါ (၁)
Endometriosis ရောဂါဆိုတာ သားအိမ်အတွင်းလွှာ (တစ်ရှူး) တွေက နေရာမဟုတ်တာတွေမှာ ရောက်နေတာပါ။ အမျိုးသမီး ၅-၁ဝ% မှာ ဖြစ်နေကြတယ်။ မျိုးရိုးထဲမှာ တယောက်မက ဖြစ်တတ်တယ်။ ကလေးမွေးနိုင်တဲ့အရွယ်ရှိ အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတယ်။ အိမ်ထောင်ရှိလဲ ကလေးမရသေးသူတွေမှာ များတယ်။ အိမ်ထောင်တဖက်နဲ့ အလုပ် လုပ်နေသူတွေမှာ ဖြစ်တတ်လို့ Career woman's disease လို့ ခေါ်ကြတယ်။
ဘာလို့ဖြစ်ရတယ်ဆိုတဲ့ (သီအိုရီ) တွေက များတယ်။ မသေချာရင် အထင်တွေများတယ်။ ရာသီသွေးက ပြောင်းပြန် ဆင်းတာကနေ ဖြစ်တာလို့ ထင်ရတယ်။ သွေးက ရာသီသွေးလို အပြင်ထွက်ပေါက်မရှိဘူး။ အဲလို စုနေတဲ့သွေးက ကြာတော့ အနာရွတ်လို ကျန်နေမယ်။ နောက် ကြာလေအရောင်ရင့်လေဖြစ်ပြီး တချိန်မှာ ညိုမဲမဲဖြစ်လာလို့ Chocolate cyst လို့ ခေါ်လိုက်တယ်။
ဒီလိုဖြစ်လို့ ဟော်မုန်းတွေ အချိုးအဆမမှန်ဖြစ်လာစေတယ်။ နေရာမှား ရောက်နေတဲ့ (တစ်ရှူး) တွေက ဟော်မုန်းများရင် ပွါးလာပြီး၊ နည်းရင် သွေးထွက်တယ်။ သွေးတွေကနေ အနီးအနားက တခြား (တစ်ရှူး)တွေကို ကလိတယ်။ ကလိရာကနေ ပင့်ကူမျှင်လို တွယ်ကပ်တာဖြစ်လာတတ်တယ်။ အထဲအင်္ဂါတွေ တခုနဲ့တခု ကပ်ကုန်နိုင်တယ်။ ရာသီလာချိန် နာတာမျိုး သူများထက်ပိုနာမယ်။ ရာသီလာလို့ နာတာက ရောဂါဆိုးတာနဲ့ ထပ်တူမကျဘူး။ သိပ်နာတိုင်းလဲ အထဲမှာ သိပ်မဆိုးဘူးပြောတာပါ။ လိင်ဆက်ဆံရင်လဲ နာနိုင်တယ်။ ရာသီဆင်းချိန်မဟုတ်ဘဲ မျိုးဥထွက်တဲ့ လလယ်ရက်မှာလဲ နာတတ်တယ်။ ဝမ်းသွား-ဆီးသွာရင်လဲ နာတတ်တယ်။ ကလေး မရတာ ဖြစ်နိုင်တယ်။ ရောဂါရှိနေသူတွေ ဘာဖြစ်မလဲဆိုတာ မှန်းရခက်တာမို့ Enigma wrapped inside a mystery သပွတ်အူထဲက ပဟေဠိလို့လည်း တင်စားကြတယ်။
ဗိုက်ထဲကိရိယာထည့်ကြည့်တဲ့ Laparoscopy နည်းက ရောဂါရှိနေတာ သေခြာစေတယ်။ (MRI) နဲ့ Ultrasound လုပ်ပြီး Biopsy အသားစဖြတ်ယူစစ်ဆေးတာပါလုပ်တယ်။ အဆင့် (၁) တွယ်ကပ်မှု နဲနဲသာရှိသေးတယ်၊ (၂) သားအိမ်နောက်က Cul-de-sac အိတ်ကလေးမှာပါ ရောက်နေတာ၊ (၃) မျိုးဥအိမ်ထိ ရောက်နေတာ၊ (၄) နေရာတကာမှာ ကပ်နေတာ။
ကုသနည်းတွေက ပျောက်သွားအောင်လုပ်မရပေမဲ့ မတိုးအောင်၊ သက်သာအောင် လုပ်နိုင်တယ်။ သွေးဆုံးရင်၊ တန့်သွား-သက်သာသွားတယ်။ ဒီအချိန် မတိုင်ခင်မှာတော့ နာတာသက်သာဘို့ လုပ်မယ်။ တိုးမလာအောင် ကြိုးစားရမယ်။
ဟော်မုန်းပေးကုနည်းဆိုတာ သားအိမ်အတွင်းလွှာကို အခုလိုမလုပ်တော့အောင် လုပ်ပေးတာပါ။ မတူတဲ့ ၂ နည်းရှိတယ်။ ကိုယ်ဝန်ရှိနေသလိုမျိုးနဲ့ သွေးဆုံးသွားသလိုမျိုးဆင်အောင် လုပ်ပေးတာပါ။ Progesterone ဟော်မုန်းပေးပြီး Estrogen ကို တားဆီးစေတယ်။ လွယ်တာက ကိုယ်ဝန်တားဆေး တားဆေးပေးနည်းဖြစ်တယ်။ ရာသီလာလို့ နာတာပါ သက်သာစေတယ်။ နာတာကို NSAID ခေါ်တဲ့ အများသုံး အနာ-အကိုက် သာက်သာတဲ့ စားဆေး-ထိုးဆေး ပေးနိုင်တယ်။ လိုအပ်ရင် ဘိန်းပါတဲ့ ဆေး Morphine sulphate လဲ ရေတိုအတွက် ပေးနိုင်တယ်။
ခွဲစိတ်ကုသနည်းက တွယ်ကပ်တာတွေ ရှင်းပေးဘို့၊ အကျိတ်ကြီးတာ ထုတ်ပေးဘို့၊ အသက်ကြီးသူတွေဆိုရင် သားအိမ်-မျိုးဥအိမ် ထုတ်ပေးတယ်။ ကလေးရအောင် IVF နည်း လုပ်ပေးရတယ်။ တချို့သဘာဝအတိုင်း ကိုယ်ဝန်ဆောင်နိုင်တာလဲ ရှိပါတယ်။
အစားအစာထဲမှာ ဂျုံ၊ သကြား၊ အသားနဲ့ နို့ထွက်အစားတွေ ရှောင်ပါ။ ပဲပုတ် နဲ့ Omega 3 စားသင့်တယ်။ ကင်ဆာ မဟုတ်ပါ။ ဖြစ်လဲ မသွားပါ။ အသက်တိုမဲ့ရောဂါလဲ မဟုတ်ပါ။ ဒီတော့ ရောဂါနဲ့ အကောင်းဆုံးနေနိုင်-နေတတ်အောင် လုပ်ရလိမ့်မယ်။ စိတ်ဓါတ် အရေးကြီးပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment