Flag robbery အလံတော်အမှု ဘယ်ကတုန်းကစသလဲ


၂၅-၁ဝ-၂ဝ၁ဝ နေ့က ဘီဘီစီသတင်းတခုမှာ နိုင်ငံတော်အလံသစ် ညွန့်ပေါင်းအစိုးရအလံဖြစ်လို့ပါတယ်။ မြန်မာနိုင်ငံက ရွေးကောက်ပွဲအတွက် ကြိုတင်ဆောင်ရွက်ခွင့်ရှိတဲ့ အခြေခံဥပဒေပါ အချက်အလက်အရ နအဖ အစိုးရဟာ မကြာခင် ရက်ပိုင်းက နိုင်ငံတော်အလံကို နိုင်ငံတဝန်း လွှင့်ထူခဲ့ရာမှာ ဒီအလံသစ်ဟာ ပြည်ပအခြေစိုက် ပြည်ထောင်စု မြန်မာနိုင်ငံ ညွန့်ပေါင်အစိုးရ NCGUB ရဲ့ အလံနဲ့ဆင်တူနေပါတယ်။ ဒါဟာ တိုက်ဆိုင်မှုလား၊ လေ့လာဆန်းစစ်မှု အားနည်းလို့လား ဆိုတဲ့ မေးခွန်းကို NCGUB အစိုးရအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီး ဦးဘိုလှတင့်ကို မေးကြည့်တော့ အခုကိစ္စဟာ ပဌမအကြိမ် ခိုးယူခံရခြင်း မဟုတ်ပဲ၊ ၉ဝ ပြည့် ရွေးကောက်ပွဲရလဒ်အရ ပြည်သူ့အစိုးရဖွဲ့ခွင့်ပါ ငြင်းဆန်၊ လုယူခြင်းခံရပုံကို ရှင်းပြပါတယ်။ ဒီအလံဟာ မာနယ်ပလောမှာ စတင်ရွေးချယ် အသုံးပြုခဲ့တဲ့အကြောင်းနဲ့ အလံရဲ့အဓိပ္ပါယ်ကိုပါ ဦးဘိုလှတင့်က ဘီဘီစီကိုပြောပြပါတယ်။ အပြုသဘောဆောင်တဲ့ အနေနဲ့ စဉ်းစားကြည့်ရင် NCGUB အစိုးရကို နအဖ အစိုးရအနေနဲ့ လက်တွဲခေါ်မဲ့ အသွင်ရော ရှိနိုင်ပါသလားဆိုတော့ မဖြစ်နိုင်ပုံကို ထောက်ပြသွားပါတယ်။ 


ကျွန်တော့်ကို တယောက်ကမေးပါတယ်။ ကြိုက်လိုက်တာဆရာရယ် မြန်မာနိုင်ငံတော်အလံအကြောင်းလည်း အလျဉ်းသင့်ရင် ရေးစေချင်ပါသေးတယ်။ နိုင်ငံသားတွေ မည်သူမှသဘောမတူဘဲ ယတြာနဲ့ပြောင်းသလားလို့ပါဆရာ။ မနေ့က နောက်တယောက်လည်း မေးတယ်။ ဆရာခင်ဗျာ ယခုအသုံးပြုနေကြသော မြန်မာနိုင်ငံအလံ သမိုင်းကြောင်း အစကို ဆရာတို့ စပြီးပြုလုပ်သုံးစွဲခဲ့ကြတယ်ဆိုတာကို တင်ပြရေးသားပေးစေချင်ပါသည်။ နောက်လူတွေ သိစေဖို့ ဗဟုသုတပါ။


ကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံတော်အလံတော်တွေ ဘယ်နှစ်ကြိမ်ပြောင်းခဲ့ပါပြီလဲ။ နှစ်လရှည်ကြာမှုအရှိဆုံး အလံတော်က ဘယ်ဟာလဲ။ ကြယ်ငါးပွင့်အလံခေါ် လွတ်လပ်ရေးရစဉ်ကအလံတော်ကို စစ်အာဏာသိမ်းသူတွေကနေ (မဆလ) ၁၉၇၃ ဖွဲ့စည်းပုံအရ နေရာဝင်ယူအစားထိုးခဲ့ပါတယ်။ အသစ်ကို စပါးနှံနဲ့ ပင်နယံလို့ခေါ်ကြတယ်။ လက်ရှိအလံကတော့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဖြစ်လာတာပါ။ သုံးရောင်ခြယ်နဲ့ ကြယ်တပွင့်။


၂ဝဝ၈ ဖွဲ့စည်းပုံပါ အလံတော်ဟာ ကျွန်တော်တို့စင်ပြိုင်အစိုးရရဲ့ အလံနဲ့တထေရာတည်းတူနေတာပါ။ ကျွန်တော်တို့က အစိုးရဆိုပြီး ဖွဲ့တာဖြစ်လို့ အလံတော်တခု ရှိအပ်တယ်။ ၁၉၉ဝ ရွေးကောက်ပွဲမှာ ကျွန်တော်တို့နဲ့ စပါးနှံပါတီက ထိပ်တိုက် ပြိုင်ခဲ့ရတယ်။ အဲတာနဲ့ အလံသစ်ကို စီစဉ်ကြတာပါ။ သိရသလောက် အမတ်တွေထဲက ဦးလှဦးက ဒီဇိုင်းလုပ်ပါတယ်။ ကျွန်တော်က နယူးဒေလီမှာသာရှိတယ်။ ကျွန်တော်တို့ ဒီအလံကိုပဲ မာနယ်ပလောရုံးမှာ တင်ထားခဲ့တယ်။ ပုံတခုတင်ထားပါတယ်။ နိုင်ငံရေးအခန်းအနားတွေမှာလည်း သုံးတယ်။ အစိုးရအဖွဲ့သစ်ကျမ်းကျိန်ရာမှာလည်း ဒီအလံကိုပဲ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။


ဓါတ်ပုံကတော့ ၇-၁ဝ-၂ဝဝဝ နေ့က အိုင်ယာလန်နိုင်ငံ၊ ဒဗ္ဗလင်မြို့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MPU ညီလာခံကနေ ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ NCGUB ကို ဝန်ကြီးချုပ်အဖြစ် ဒေါက်တာစိန်ဝင်းနဲ့ ဝန်ကြီးများအဖြစ် ခွန်မားကိုဘန်း၊ ဦးသိန်းဦး၊ ဦးဘိုလှတင့်၊ ဦးမောင်မောင်အေး၊ ဦးမြဝင်း၊ ဒေါက်တာတင့်ဆွေ၊ ဒေါက်တာစန်းအောင်၊ ဦးသာနိုးတို့က ညီလာခံသဘာပတိ MPU ဥက္ကဋ္ဌ ဦးခွန်တယ်ဒီဘူးရီ ရှေ့မှောက်မှာ NCGUB အလံတော်ကိုင်ပြီး ကျမ်းသစ္စာကျိန်ဆိုနေကြစဉ်။


၂ဝဝ၈ ဖွဲ့စည်းပုံမှာ ကျွန်တော်တို့အလံအတိုင်း ထပ်တူဖြစ်နေတာ ဘာလို့လည်းမေးခွန်းဟာ နိုင်ငံရေးပဟေဠိတခုပါ။ ယတြာလားတွေးသူတွေကို မဟုတ်ပါလို့ ကျွန်တော်တို့က ငြင်းရမဲ့သူမျိုးမဟုတ်ပါ။ မာနယ်ပလောကနေ နေပြည်တော်မှာ နေရာပြောင်းပြီး စိုက်ထူပေမဲ့ ကျွန်တော်တို့မှာ ခံစားချက်အပြည့်နဲ့ပါ။ အမွှာမွေး အလံတော်လို့ မထင်ပါ။ မျိုးဗီဇမတူပါ။ စရိုက်လည်းကွဲပါတယ်။


http://www.bbc.co.uk/burmese/burma/2010/10/101025_flag_ncgub.shtml

The Flag နိုင်ငံတော်အလံ https://doctortintswe.blogspot.com/2016/10/the-flag.html


ဒေါက်တာတင့်ဆွေ

၂၇-၁-၂ဝ၁၅


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်