My Village ကျွန်တော့်ရွာ

ဆရာ့ interview တွေကြည့်တော့လဲ လေယူလေသိမ်းက ကိုယ့်ဆီကပါလို့ထင်တော့ထင်သား နောက်မှ timeline မွှေနှောက်မှ ကျွန်တော်တို့နယ်ကဖြစ်နေတာ

 

ကျွန်တော်က အညာသား၊ တောသား၊ ချင်းတွင်းအနောက်ဖက်သား။ မင်းရွာသား၊ မင်းတိုင်ပင်သား၊ မုံရွာသား။

 

ကျွန်တော့်ဇာတိရွာ အိမ်ခြေတရာမရှိ၊

ဒါပေသိ နွေရာသီတိုင်းမှာ ကိုယ့်ကမ္ဘာလို့သာထင်မိ။

 

ရွာတောင်ဘက်က ယမားချောင်း၊ ကားမောင်းဘို့ခက်၏၊

အုန်းလက်၊ ငှက်ပျောဖက်၊ သစ်ရွက်၊ မြက်၊ လမ်းလုပ်ဖို့အတွက် အိမ်တိုင်းက အင်ဂျင်နီယာ ထွက်ကြရ၏။

 

သဲသောင်စပ်တွင်၊ ကြက်သွန်၊ ခရမ်းချဉ်၊ နှစ်စဉ်စိုက်၊

စျေးကိုက်တဲ့အခါကိုက်၊ အရင်းစိုက်ရတဲ့အခါစိုက်။

 

ရွာမှာစျေးမရှိ၊ အိမ်ဆိုင်လည်းမရှိ၊

ခေါင်းရွက်သည့်အသယ်၊ စျေးလည်ရောင်းသူအလာစောင့်ကြရ၏။

 

ခြံထွက်တဲ့ ကွမ်းရွက်၊ အခင်းထွက် အရွက်အသီး၊

ဝက်မလွတ်ငှက်ပျောသီး၊ ဖီးကြမ်းငှက်ပျောသီး၊

မနီးမဝေး ငါးရက်တစျေး၊ စျေးလှည့်ရောင်းရ၊ စျေးလှည့်ဝယ်ရ၏။

 

ခြံစည်းရိုးဟိုဘက်မှာ ပြောင်းဖူးခင်း၊

အိမ်ခေါင်းရင်းက အုန်းပင်၊

ပင်ထက်မှည့် သင်္ဘောသီး၊

ဆီးယိုကနှစ်ပေါက်၊ မုံ့လက်ကောက်၊ မုံ့ဆီကြော်၊

ပဲလှော်ကမျိုးစုံ၊ ဆီဆုံက နှမ်းပတ်ခဲ၊

အမဲခြောက်ဖုတ်၊ ပေါက်ပေါက်ဆုပ်၊

ဧည့်သည်လုပ်မလား၊ အိမ်တိုင်းမှာ ကြက်မွေးထား။

 

မြို့သားကျွန်တော် ရွာလည်ပြန်သော်၊ ဆရာတော့်ဆွမ်းကျန်စားပြီး စာအံ၊

ကျောက်တန်နဲ့ ကျောက်သင်ပုန်း၊ ဝလုံးကစ၊

ဂဏန်းက ဆယ့်ခြောက်ဆယ်နှစ်လီထိ အာဂုံဆောင်ရ၊

တက်ဘလက်ခေတ်ကျမှ အလွတ်ကျက်ရတဲ့ပညာရေး၊ ရှေးကြတယ်လို့သတ်မှတ်ခံရ၊

ငယ်ကတည်းကစာ ခုထိပြန်အန်လို့ရ၊ အတွေးကြတောဆန်၊ အရေးကလည်းတောသံ၊

ဘာလိုလိုနဲ့ တောမပြန်ရတာကြာပြီကော။ ။

 

ဓါတ်ပုံ = ကျွန်တော်နေခဲ့ဘူးတဲ့ ပုလဲမြို့နယ်၊ မင်းရွာ ပြည်တော်သာမူလတန်းကျောင်း (၁-၅-၂ဝ၁၄)

 

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း