NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်


ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) သည် ၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးတွင် တခဲနက် ထုတ်ဖေါ်ပြသခဲ့ကြသော တိုင်းရင်းသားလူမျိုးစုံ မြန်မာပြည်သူများ၏ ပြင်းပြသော ဒီမိုကရေစီ လိုလားမှုနှင့် ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖေါ်နိုင်ရန်အလို့ငှါ လွတ်မြောက်နယ်မြေနှင့် ပြည်ပ သို့ ထွက်ခွါလာခဲ့ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ၊ တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် မာနယ်ပလောဋ္ဌာနချုပ် တွင် ၁၉၉ဝ ခု၊ ဒီဇင်ဘာလ၁၈ရက်နေ့၌ ဖွဲ့စည်းထူထောင်ခဲ့သည့်စင််ပြိုင်အစိုးရဖြစ်သည်။


ယင်းသို့ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို အခြေခံသော စင်ပြိုင်အစိုးရတရပ် ဖွဲ့စည်းနိုင်ရန် ပြည်တွင်း၌ စတင် ကြိုးပမ်းကြစဉ်ကတည်းက တက်ကြွစွာ ပါဝင်ကူညီဆောင်ရွက်ခဲ့ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များနှင့် စည်းရုံးရေမှူးများ၏ ထောက်ခံမှုများ၊ မာနယ်ပလော အခြေစိုက် အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (NDF) နှင့် မြန်မာပြည်ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ချုပ် (DAB) ခေါင်းဆောင်ကြီးများ၊ အဖွဲ့ဝင် တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစုများ၏ နွေးထွေးစွာ လက်ကမ်းကြိုဆို၍ နိုင်ငံရေး၊ ဘဏ္ဍာရေးနှင့်တကွ အဖက်ဖက်မှ ထောက်ခံ အားပေးမှုများဖြင့် ပေါ်ထွန်းလာခဲ့သောအစိုးရလည်း ဖြစ်သည်။


ပြည်ပရောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များသမဂ္ဂ (MPU) ဖွဲ့စည်းနိုင်ပြီးနောက်တွင် (၄) နှစ်တကြိမ် ကျင်းပသည့် MPU ညီလာခံများ၌ ဒီမိုကရေစီနည်းအရ ရွေးချယ် တင်မြောက်သည့် ဒီမိုကရေစီကို အစဉ်တစိုက် လက်ခံ ကျင့်သုံးခဲ့သော အဝေးရောက်အစိုးရတရပ်လည်းဖြစ်သည်။


NCGUB ၏ အန္တိမရည်မှန်းချက်များမှာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များ အကောင် အထည်ဖေါ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားလူမျိုးစုံ မြန်မာပြည်သူအားလုံးနှင့် တဦးချင်းစီ၏ ဒီမိုကရေစီ အခွင့် အရေးများ၊ အခြေခံ လူ့အခွင့်အရေးများကို အပြည့်အဝ အာမခံမည့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးတို့ ဖြစ်ပါသည်။


အမျိုးသားညွန့်ပေါင်းအစိုးရ စတင်ဖွဲ့စည်းစဉ်ကတည်းက ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲကြီးတွင် အပြတ်အသတ် အနိုင်ရ ရှိခဲ့သည့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား မြန်မာပြည်သူများက အပ်နှင်းလိုက်သော တရားဝင် လုပ်ပိုင်ခွင့် (Legal Mandate) နှင့်အဖွဲ့ချုပ်၏နိုင်ငံရေးဦးဆောင်မှု (Political Leadership) အခန်းကဏ္ဍကို လေးနက်စွာ အသိအမှတ် ပြုခဲ့သည်နှင့်အညီ အစိုးရအဖွဲ့၏ လုပ်ငန်းစဉ်များ၊ အခြေခံမူဝါဒများ ချမှတ် ဆောင်ရွက် ရာတွင် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ မူဝါဒများ၊ရပ်တည်ချက်များနှင့် ဆန့်ကျင်မှုမရှိဘဲ သဟဇာတ ဖြစ်အောင် အစဉ်တစိုက် ဆောင်ရွက်ခဲ့သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လိုလားချက်များအား၊ မြန်မာပြည်သူများ ကိုယ်စား နိုင်ငံတကာ မိသားစုသို့ တိုက်တွန်း တောင်းဆိုမှုများ အကောင်အထည် ပေါ်လာရေး အတွက်လည်း အစဉ်တစိုက်ကြိုးပမ်းခဲ့ပါသည်။


ယနေ့ မြန်မာနိုင်ငံ၏ ပကတိအနေအထားကို သုံးသပ်မည်ဆိုလျင် အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့၏ မျှော်မှန်းချက်များ ဖြစ်သည့့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်များ အကောင်အထည်ဖေါ်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသား လူမျိုးစုံ မြန်မာပြည်သူအားလုံးနှင့် တဦးချင်းစီ၏ ဒီမိုကရေစီ အခွင့်အရေးများ၊ အခြေခံ လူ့အခွင့်အရေးများကို အပြည့်အဝအာမခံမည့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ရည်မှန်းချက် မရောက်ရှိသေးသော်လည်း မိမိတို့အစိုးရက နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍ၌ ထားရှိခဲ့သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်တိုင် တရားဝင် နိုင်ငံရေးပါတီ အဖြစ် ပြန်လည် မှတ်ပုံတင်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသည် ၂ဝ၁၂ ခုနှစ် ဧပြီလ ကြားဖြတ် ရွေး ကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင် အနိုင်ရရှိလာကြပြီး၊ လက်ရှိ ပြည်သူ့လွှတ်တော်တွင် ပါဝင်တက်ရောက်နေကြပြီဖြစ်ခြင်း၊ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား နိုင်ငံရေး ပါတီများလည်း ပြန်လည် မှတ်ပုံတင်လာကြခြင်း စသည့် နိုင်ငံရေး အပြောင်းအလဲများ ရှိလာပါသည်။


ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်နှင့်တကွ လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များအနေနှင့် ပြည်တွင်း၌သာမက နိုင်ငံတကာနယ်ပယ်အထိ သွားလာလှုပ်ရှားပြီး မြန်မာနိုင်ငံ၏ လိုအပ်ချက်များကို ကိုယ်တိုင် ကိုယ်ကျ ဆောင်ရွက်လာနိုင်သော အခြေအနေများလည်း ရှိလာပြီးဖြစ်ပါသည်။ ထို့အပြင် နယ်စပ်ဒေသ အခြေစိုက် အတိုက်အခံအင်အားစု ခေါင်းဆောင် အတော်များများလည်း မြန်မာပြည်တွင်းသို့ ပြန်လည် ဝင်ရောက်၍ ကြိုပမ်းလှုပ်ရှား ဆောင်ရွက်နိုင်သည့် အနေအထားများလည်း ပေါ်ထွန်းလာနေပြီ ဖြစ်ပါသည်။


ဤကဲ့သို့ ပြောင်းလဲလာသော အခြေအနေများအောက်တွင် အမျိုးသားညွန့်ပေါင်း အစိုးရအား ဖျက်သိမ်းပေးလိုက်ခြင်း အားဖြင့် မြန်မာနိုင်ငံအတွက် မရှိမဖြစ် လိုအပ်ချက်တရပ်ဖြစ်သော အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ပါဝင်သင့်သူများ အားလုံး ပါဝင်ပတ်သက်နိုင်မည့် အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ်ကြီးတရပ် ပေါ်ထွန်းလာရေးအတွက် ကြိုးပမ်း နေမှုများ အား ပိုမိုချောမွေ့စေရန်အတွက် အထောက်အကူပြုနိုင်မည်ဟု အမျိုးသားညွန့်ပေါင်းအစိ်ုးရအဖွဲ့က ယုံကြည် ပါသည်။ ယင်းသို့ ယုံကြည်သည်နှင့်အညီ အမျိုးသားညွန့်ပေါင်းအစိုးရအဖွဲ့အား လေးနှစ်တကြိမ် ကျင်းပသော ၄င်း၏ ညီလာခံများ မှတဆင့် ဒီမိုကရေစီနည်းအရ တရာဝင်လုပ်ပိုင်ခွင့် အပ်နှင်းပေးအပ်လျှက်ရှိသည့် ပြည်ပရောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသမဂ္ဂ (MPU) ၏ တာဝန်ရှိခေါင်းဆောင်များအား တင်ပြ ဆွေးနွေးခဲ့ပါသည်။


အမျိုးသားညွန့်ပေါင်းအစိုးရ၏ တင်ပြချက်များအား ပြည်ပရောက် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များသမဂ္ဂ တာဝန်ရှိ ခေါင်းဆောင်များက အဖွဲ့ဝင် ပြည်သူ့ကိုယ်စားလှယ်အများစုနှင့် ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ (၂) ရက်နှင့် (၉) ရက် နေ့များတွင် အကြေအလည်ညှိနှိုင်းတိုင်ပင်ခဲ့ကြရာ အများစုက အထက်ဖေါ်ပြပါတင်ပြချက်များအရ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့အား ဖျက်သ်ိမ်းသင့်ကြောင်း သဘောတူညီခဲ့ကြပါသည်။


သို့ပါ၍ ၁၉၉ဝ ပြည့်နှစ် ဒီဇင်ဘာလ (၁၈) ရက်နေံတွင် ကရင့်အမျိုးသား အစည်းအရုံးကြီးနှင့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ်တို့ဋ္ဌ ဌာနချုပ်ဖြစ်သော မာနယ်ပလော၌ စတင်ဖွဲ့စည်ူထူထောင်ခဲ့သော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) အား ၂ဝ၁၂ ခုနှစ်၊ စက်တင်္ဘာလ (၁၄) ရက်နေ့မှစ၍ ဖျက်သိမ်းလို်က်ပြီဖြစ်ကြောင်း အတိအလင်း ထုတ်ပြန်ကြေညာအပ်ပါသည်။


အမျိုးသားညွန့်ပေါင်းအစိုးရ ဖွဲ့စည်းဆောင်ရွက်နိုင်ရန် ပါဝင်ဆောင်ရွက် ကူညီအားပေးခဲ့ကြသော ပြည်တွင်းရှိ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ အဆင့်ဆင့်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ လူပုဂ္ဂိုလ်များ၊ လွှတ်မြောက်နယ်မြေသို့ ရောက်ရှိလာကြသော မိမိတို့ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များအား နွေးထွေးလှိုက်လှဲစွာကြိုဆိုခဲ့ကြပြီး နိုင်ငံရေး၊ ဘဏ္ဍာရေးနှင့်တကွ အဖက်ဖက်မှ ဝိုင်းဝန်း ထောက်ခံ အားပေး ကူညီခဲ့ကြသော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF) နှင့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ခေါင်းဆောင်များ၊ အဖွဲ့ဝင် တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ မူလဌာနချုပ်ဖြစ်သည့် မာနယ်ပလောဌာနချုပ် မကျဆုံးမီ အချိန်အထိ လုံခြုံရေး၊ နေထိုင်စားသောက်ရေး၊ ခရီးသွားလာရေးမှအစ အရာရာ ချောမွေ့အောင် ကူညီဆောင်ရွက် ပေးခဲ့ကြသော ကရင့်အမျိုးသားအစည်းအရုံးကြီး (KNU) ၏ အဆင့်ဆင့်သော ခေါင်းဆောင်ကြီးများ၊ အဖွဲ့ဝင် ရဲဘော်ရဲမေများ၊ နှစ်ပေါင်း ၂ဝ ကျော် မိမိတို့နှင့်အတူ အကောင်းအဆိုး မှန်သမျှ မျှဝေခံစားပြီး အခိုင်အမာ လက်တွဲ ဆောင်ရွက်ခဲ့ကြသော ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ လွှတ် တော်ကိုယ်စားလှယ်များ၊ နယ်စပ်ဒေသ အခြေစိုက် တိုင်းရင်းသား တော်လှန်ရေး အင်အားစုများနှင့် ဒီမိုကရေစီ အင်အားစုများ၊ အဝေးရောက် မြန်မာနိုင်ငံသားများနှင့် မျိုးချစ်အင်အားစုများ၊ မိမိတို့အား မြန်မာပြည်သူတို့၏ တရားဝင် ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုခဲ့့ကြယုံသာမက နိုင်ငံရေးနှင့် သံတမန်ရေးအရထောက်ခံအားပေးကူညီခဲ့ကြသော နိုင်ငံတကာ အစိုးရများ၊ ပါလီမန်များ နှင့် ပါလီမန်အမတ်များ၊ နိုင်ငံရေးပါတီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ၊ မြန်မာပြည်ဒီမိုကရေစီ ရရှိရေးနှင့် လူ့အခွင့်အရေးများ ရရှိရေးအတွက် ဖွဲ့စည်းထူထောင် လှုပ်ရှား ဆောင်ရွက်ခဲ့ကြသော ဒေသဆိုင်ရာနှင့် နိုင်ငံတကာ ကွန်ယက်များ၊ အဖွဲ့အစည်းများ အားလုံးကို အထူးကျေးဇူး ဥပကာရ တင်ရှိစွာဖြင့် ဂုဏ်ပြု မှတ်တမ်း တင်အပ်ပါသည်။


အဝေးရောက် အစိုးရတရပ်အနေနှင့် မရှိမဖြစ်လိုအပ်သော နှစ်စဉ်ဘဏ္ဍာရေး လိုအပ်ချက်များကို နှစ်ရှည်လများ ပ့ံပိုးကူညီ ခဲ့ကြသော ကနေဒါအခြေစိုက် International Center for Human Rights and Democracy Development (ICHRDD) or (Rights & Democracy)၊ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် Norwegian Burma Council၊ အမေရိကန် ပြည်ထောင်စု၊ ဝါရှင်တန်မြို့တော်အခြေစိုက် National Endowment for Democracy (NED) နှင့်နယူးယောက်မြို့ အခြေစိုက် Open Society Institute (OSI)၊ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် Danish Burma Committee (DBC)၊ အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် Burma Action Ireland (BAI) တို့နှင့်တကွ အားလုံးသော နိုင်ငံတကာ အလှူ့ရှင်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးကိုလည်း အထူးကျေးဇူးဥပကာရ တင်ရှိပါသည်။


NCGUB စတင်ဖွဲ့စည်းချိန်မှစ၍ အတူတကွ လက်တွဲတာဝန်ယူခဲ့ကြသော NCGUB အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံအလိုက် NCGUB ကိုယ်စားလှယ်များ၊ NCGUB ၏ နိုင်ငံတကာ ရုံးများနှင့် လုပ်ငန်း ကော်မတီများတွင် တာဝန်ယူဆောင်ရွက်ခဲ့ပေးကြသော အတတ်ပညာရှင်၊ အသိပညာရှင်များ၊ ကျွမ်းကျင် ဝန်ထမ်းများ အားလုံးကိုလည်း ကျေးဇူးဥပကာရ တင်ရှိပါသည်။ အထူးအားဖြင့် အမျိုးသားညွန့်ပေါင်းအစိုးရ ဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ နှစ်ရှည် ထောင်ကျခံခဲ့ကြရသူများ၊ ပြည်တွင်းနှင့် ပြည်ပနိုင်ငံများတွင် အသက် ပေးသွားကြရသူ ပုဂ္ဂိုလ်တဦးချင်းစီအား အထူးလေးစားစွာ ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။


NCGUB ၏ ထုတ်ပြန်ချက်များ၊ အမြင်သဘောထားများကို တင်ဆက်ပေးခဲ့ကြသည့် မြန်မာနှင့် နိုင်ငံခြား ရေဒီယိုများ အပါ အဝင် သတင်းမီဒီယာများ အားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။


NCGUB ဖျက်သိမ်းပြီးသော်လည်း အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်ဟောင်းများ ဖြစ်ကြသော ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်ခြင်း ခံခဲ့ရသော ပြည်သူ့ကိုယ်စားလှယ် တဦးချင်းအနေနှင့် စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာသည်အထိ တိုင်းရင်းသား လူမျိုးပေါင်းစုံ ဒီမိုကရေစီ အင်အားစုများနှင့် ရောက်ရာဒေသ၊ ကျရာကဏ္ဍမှ လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိစေအပ်ပါသည်။


ဤထုတ်ပြန်ချက်နှင့်အတူ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ (၂၂) နှစ်တာ လုပ်ငန်း ဆောင်ရွက်ချက်များ အကျဉ်းချုပ်စာတမ်းအားလည်း ပူးတွဲထုတ်ပြန်လိုက်ပါသည်။


ဒေါက်တာစိန်ဝင်း

ဝန်ကြီးချုပ်

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB)

Photo: NCGUB-MPU and Democratic Groups in Italy on 10-18 July 2008

Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း