Pregnancy test ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း

(ကန်တော့)


၁။ ဆရာခင်ဗျာ ကျွန်တော်တို့ လင်မယား အကြောင်းကြောင်းကြောင့် ကလေးမယူချင်သေးသောကြောင် cytotec ဆေးနည်းအတိုင်း ကိုယ်ဝန်ဖျက်ချခဲ့မိတယ်။ အမျိုးသမီးက သွေးဆင်းတာ ပုံမှန်ဆင်းပြီး ဒုတိယလမှ သွေးမဆင်းလို့ ဆီးစစ်ကြည်တာ ၂ကြောင်း ပေါ်နေလို့ ယူလို့မဖြစ်သေးလို့ cytotec နည်းကို သုံးလိုက်တာပါ။ အခု သွေးဆင်းတာ ဆင်းလိုက်မဆင်းလိုက် ဖြစ်နေတာ ၂ ပတ်ရှိနေပါပြီ။ ဆီးစစ်ကြည့်တော့ ၂ ကြောင်းက ရေးရေးလေးပေါ်နေပါတယ်။ အရမ်းစိုးရိမ်နေပါတယ်။ ဘာဆက်လုပ်ရမလဲမသိလို့ လမ်းညွန်ပေးပါ ဆရာခင်ဗျာ။ ကျေးဇူးအများကြီး တင်ပါတယ်။


ဆီးစစ်ရင် ကိုယ်ဝန်ရှိနေသူ + ပျက်သူ + ဖျက်သူတွေ ဟော်မုန်းစစ်လို့ရတဲ့အချိန်ထိ + ပြနေပါမယ်။ တားဆေး တားနည်းတွေ ခဏခဏတင်ထားတယ်။ ဘလော့မှာအားလုံးရှိတယ်။ ဖျက်ဆေးနဲ့ အရေးပေါ်တားဆေးတွက ပုံမှန် တားဆေးတွေထက် ဘေးထွက်သက်ရောက်မှုတွေ များတယ်။ ဟော်မုန်းတွေပြောင်းစေမယ်။ ရာသီပြောင်းစေမယ်။ မျိုးပွါးလမ်းအင်္ဂါတွေ ပြောင်းစေမယ်။


၂။ ဆရာရှင့် ကျမအသက်က ၂၅ နှစ်ပါ။ အိမ်ထောင်သက် လေးနှစ်ပါဆရာ။ ပထမဆုံး ကိုယ်ဝန် ၂ လနဲ့မတော်တဆ ပျက်ကျတာ ၂ ပတ်ကျော်ပါပြီဆရာ။ အဲ့တာ ခုထိ ဆီးစပ်နဲ့ခါးနည်း၂ နာပီး သွေးနည်း၂ လေးတွေ ဆင်းပါတယ်ဆရာ။ ဖျားခြင်း မတရားဗိုက်နာတာ တော့မရှိပါဘူးဆရာ။ ကန်တော့ပါဆရာ။ နှစ်ပတ်အတွင်း သန္ဓေအပိုင်းအစလည်း ထွက်လာတာ မြင်ရပါတယ်ဆရာ။ မနေ ့က ဆီးစစ်ကြည့်တော့ ရေးရေးလေး ၂ ကြောင်း မြင်ရပါတယ်ဆရာ။ အဲတာ infection ဝင်နိုင်ပါသလားဆရာ။ ဘယ်ချိန်ထိ ရက်ရှောင်ရမလဲဆရာ။ ကျေးဇူးတင်စွာနဲ့ ပြန်လည်ဖြေပေးစေချင်ပါတယ်။


ပျက်ကျလို့ရေးရတယ်။ ပါပြီလို့ရေးရတယ်။ နာပြီးလို့ရေးရတယ်။ ဆရာဝန်ဆီစာရေးရင် နည်း၂ လို့မရေးသင့်။ နားလည်ရခက်စေတယ်။ ရေးရေးလေး ၂ ကြောင်းလို့လည်းရေးတာကို ရေးရေးလေးလေးလို့ပြင်ဖတ်ရမလို။


ဆီးစစ်ရင် (ကိုယ်ဝန်ရှိနေသူ + ကိုယ်ဝန်ပျကျသူ + ကိုယ်ဝန်ဖျက်သူ) တွေမှာ + ပြမယ်။ ဟော်မုန်း စမ်းမရအောင် နည်းလာမှသာ - ပြမယ်။ ပိုးဝင်တယ်ဆိုရင် ကိုယ်ပူနိုင်၊ ဆင်းတာ အနံ့ဆိုးနိုင်။ အတူနေတာ နေကောင်းရင် ရ။ နောက်ကို်ယ်ဝန် မလူလိုသေးရင် တားဆေး တားနည်း တခုခုသုံးသင့်။ ကိုယ်ဝန်ပျက်တာကို ရာသီလာသလို သဘောထားပြီး တားဆေး တားနည်းသုံးရမယ်။


၃။ မင်္ဂလာပါ ဆရာရှင့်။ ကျွန်မနာမည်က ့့့့့။ အသက်က ၃ဝနှစ်ပါ။ သမီးအမျိုးသားအသက်က ၃၂နှစ်ပါ။ လက်ထပ်ခဲ့တာ တစ်နှစ်ခွဲလောက်ရှိပါပြီ။ ကိုယ်ဝန်ရှိမရှိဆိုတာကို အမျိုးသားနှင့်အတူနေပြီး ဘယ်လောက်အကြာမှာ ဘယ်လိုစမ်းသပ်လို့ရနိုင်မလဲရှင့်။


၄။ ဆရာ သမီးတို့ဇနီးမောင်နှံက အသက် ၃၂ အိမ်ထောင်သက် ၇ လရှိပါပြီ။ ဒါပင်မဲ့ဝန်ထမ်းတွေမို့ တယောက်တနယ် နေကြပါတယ်။ တစ်လတစ်ကြိမ်တော့တွေ့ပါတယ်။ ကလေးယူဖို့ တားဆေးမာသုံးပါ။ ရာသီက အမြဲလိုတပတ် နောက်ကျလေ့ရှိပါတယ်။ သမီးခုထိရာသီမပေါ်တာ ၂ လနီးပါးမို့ ဆီးစစ်ကြည့်တော့လည်း အဖြေတကြောင်းပဲ ပေါ်ပါတယ်ဆရာ။ ပို့တိကျတဲ့ စမ်းသပ်နည်းရှိပါလားဆရာ။ ဒါမှမဟုတ်အိုဂျီပြသင့်လား ဆီးထပ်စစ်သင့်လားဆိုတာ ကျေးဇူးပြု၍ လမ်းညွှန်ပေးပါရှင့်။


ကိုယ်ဝန်ရှိ-မရှိ စမ်းလို့ရပြီလို့ ပြောနိုင်တဲ့ရက်ဟာ ရာသီလာရမဲ့ရက်ထက် ၇ ရက် နောက်ကျချိန် ဖြစ်တယ်။ ကျားသုက်ပိုးနဲ့ မ-မျိုးဥတို့ တွေ့ဆုံပေါင်းစပ်ပြီနောက် ၆-၁၂ ရက် (ပျမ်းမျှ ၉ ရက်) အကြာ သန္ဓေကပ်တာ ဖြစ်ပြီးတဲ့နောက်မှာ စမ်းလို့ရပါပြီ။ တချို့စမ်းနည်းတွေက ရာသီလာရမဲ့ရက်အရင် ၄ ရက်နဲ့ စမ်းလို့ရတယ်လို့ ပြောတာလဲရှိတယ်။ ရက်မတူတာက ရာသီခွင်က အစပိုင်းကာလ Luteal phase ဘယ်လောက်ကြာသလဲနဲ့ သန္ဓေကပ်တာ ဘယ်လောက် မြန်သလဲအပေါ်မှာ မူတည်တယ်။ အတူနေပြီး ဘယ်လောက်အကြာစမ်းလို့ရတယ်လို့ မပြောပါ။ ရာသီမလာတော့တဲ့ရက်ကိုသာ ပြောရတယ်။


ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အဲဒီအမျိုးသမီးရဲ့သွေးထဲမှာရှိလာ၊ ဆီးထဲမှာပါလာတဲ့ Human Chorionic Gonadotropin (HCG) ဟော်မုန်းကို စမ်းသပ်တာကို ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်းလို့ခေါ်တယ်။ Urine pregnancy test ကိုဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရပါတယ်။ မ-မျိုးဥနဲ့ ကျားသုက်ပိုးတို့ ပေါင်းစပ်ပြီးနောက် ၆ ရက်အကြာမှာ သန္ဓေက သားအိမ်အတွင်းဆုံးအလွှာမှာ လာကပ်မယ်။ အဲဒီအချိန်ကစပြီး HCG ဟော်မုန်း ထွက်လာပြီ။ သန္ဓေကပ်ပြီးနောက် ၁ဝ ရက်ဆိုရင် စမ်းလို့ရပါပြီ။ HCG ဟော်မုန်းက ကိုယ်ဝန် ပဌမ ၃ လအတွင်းမှာ တရက်ပြီးတရက် များများလာတယ်။ နောက်တော့ ကျသွားတယ်။ ဆေးသောက်လို့ဖြစ်ဖြစ်၊ သားအိမ်ခြစ်လို့ဖြစ်ဖြစ် ကိုယ်ဝန်ပျက်သွားရင်လဲ ဒီဟော်မုန်းက သွေးထဲ-ဆီးထဲမှာ ဆက်ရှိနေလို့ ဆီးစစ်ရင် အပေါင်းသာပြနေအုံးမယ်။ စမ်းလို့မရလောက်အောင် နည်းသွားတော့မှ အနုတ်ပြလိမ့်မယ်။ အရည်အသွေး (ရှိ-မရှိ) စမ်းသပ်နည်းနဲ့ အရေအတွက် (ဟော်မုန်းအနည်း-အများ) စမ်းသပ်နည်းဆိုပြီး ရှိသေးတယ်။ ကိုယ်ဝန်က သားအိမ်ပြင်ပမှာတည်နေရင်၊ ပျက်ရင် ဟော်မုန်းအနည်းအများက ပုံမှန်မဟုတ်နိုင်ဘူး။ အမွှာကိုယ်ဝန်ဆိုလဲ မတူနိုင်ဘူး။


ကိုယ်ဝန်တော့ ရှိနေပြီ၊ ဒါပေမဲ့ ဟော်မုန်းက နည်းနေသေးရင် စမ်းလို့ မသိနိုင်သေးဘူး။ သွေးထဲမှာ အနည်းဆုံး HCG 25-50 mIU/mL ရှိလာမှသာ အပေါင်းပြလိမ့်မယ်။ စစ်ဆေးကိရိယာတချို့က HCG 20 mIU ဆိုရင် အပေါင်းပြမယ်။ တချို့က 100 mIU ရှိမှသာပြတယ်။ သွေးကိုစမ်းသပ်နည်းနဲ့ ဆီးကိုစမ်းသပ်နည်းဆိုပြီး ၂ နည်းရှိပါတယ်။ သွေးစမ်းသပ်နည်းအတွက် အဖြေကို နောက်တရက်အထိ စောင့်ရမယ်။ ဆီးစစ်နည်းကတော့ ၁-၂ မိနစ်သာ စောင့်ရမယ်။


ဆီးကိုစမ်းရင် မနက်ခင်းသွားတဲ့ဆီးက ပိုသေချာစေနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တချို့က တရက် နောက်ကျရင် စမ်းနိုင်တယ်ဆိုပေမဲ့၊ တပတ်နောက်ကျချိန်မှာ စမ်းသင့်တယ်။ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိနေပြီး စမ်းတော့ အနုတ်သာပြတယ်ဆိုရင် သေချာဘို့အတွက် နောက်ရက်အနည်းငယ် (၇ ရက်) နေရင် တခါထပ်စမ်းသင့်တယ်။ ဒီစမ်းသပ်နည်းကို အရက်သောက်ထားထား၊ မူးယစ်ဆေးသုံးထားထား အဖြေကို သက်ရောက်မှုမရှိပါ။


ဆီးစစ်နည်းဟာ အနည်းဆုံး ၉၇% မှန်ကန်တိကျတယ်။ အိမ်မှာတင် စမ်းသပ်နည်းကိရိယာ အမျိုးမျိုးလာတယ်။ အချောင်းလေးနဲ့ရှိသလို အပြားလေးရှိတယ်။ အားလုံး လွယ်ကူတယ်။ အဖြေပေးတာလဲ အမျိုးမျိုး။ အရောင်လိုင်းလေး ၂ ကြောင်းပေါ်မယ်။ တမျိုးက အပေါင်း-အနုတ် လို့ ပြမယ်။ တချို့မှာ ကိုယ်ဝန်ရှိ-မရှိလို့ အင်္ဂလိပ်စာပေါ်လာမယ်။ အများသုံးနည်းမှာ အရောင်နဲ့ မျဉ်း ၂ ကြောင်းပြရင် ကိုယ်ဝန်ရှိတယ်လို့ ဖတ်တယ်။ တကြာင်းက မှိန်မှိန်သာပေါ်နေရင်လဲ အပေါင်းပဲဖတ်ပါ။ သေချာအောင် နောက် ၄-၅ ရက်မှာ ထပ်စစ်ပါ။ စမ်းသပ်ကိရိယာ ရက်စွဲလွန်တာသတိပြုပါ။ မနက်ခင်းဆီးကိုသာစစ်ပါ။ ရာသီလာရမဲ့ရက်ထက် တပတ်နောက်ကျမှသာစစ်ပါ။


အဖြေမှားများ

Thorazine ဆေး၊ HCG injections ဆေး၊ Perphenazine စိတ်ဆေး၊ အတက်သက်သာဆေး၊ စိတ်ငြိမ်ဆေးတွေ သောက်ထားရင် မှားပြီးအပေါင်းပြနိုင်တယ်။ စမ်းသပ်ကိရိယာကို ဆပ်ပြာထိထားရင်လဲ မှားပြီးအပေါင်း ပြနိုင်တယ်။ Trophoblastic tumors အကျိတ်ရောဂါရှိနေရင်လဲအဲလိုဖြစ်နိုင်တယ်။ တချို့မှာ ကိုယ်ဝန် လိုချင်လွန်းလို့စိတ်စွဲနေရင်လဲ ဖြစ်နိုင်သေးတယ်။ မှားပြီးအပေါင်းပြတာက မှားပြီးအနုတ်ပြတာထက် ပိုနည်းတယ်။


ကိုယ်ဝန်ပျက်လည်း ဟော်မုန်းစမ်းလို့ရသေးချိန်မှာစမ်းရင် မျဉ်း ၂ ကြောင်းပြအုန်းမယ်။ ကိုယ်ဝန်ဖျက်လည်း ဟော်မုန်းစမ်းလို့ ရသေးချိန်မှာစမ်းရင် မျဉ်း ၂ ကြောင်းပြအုန်းမယ်။ ကိုယ်ဝန်ဆက်ရှည်နေလည်း အတူတူပဲ။


၅။ အသက် ၃၃နှစ် မ အိမ်ထောင်ကျတာ ၈လရှိပါပြီ။ ရာသီမလာတာ၂လရှိပါပြီ ဆီးစစ်ကြည့်တော့ မျဉ်းနှစ်ကြောင်းပေါ်ပါတယ်။ Ultrasound ရိုက်တော့ ကိုယ်ဝန်မရှိဘူးလို့ပြောပါတယ်။ နောက်ဆုံးရာသီလာတဲ့ရက်က ၂၄ရက် ၁ဝလပိုင်းကပါ။ ဘာဆက်လုပ်ရမလဲ မသိလို့ပါရှင့်။


ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း