The Endings ဖျက်သိမ်းခြင်းများ

ကျွန်တော့်ဘဝမှာ စက်တင်္ဘာလထဲမှာ အပြီးတိုင်ဖျက်သိမ်းခဲ့ရတာကြီး နှစ်ခုရှိပါတယ်။ စင်ပြိုင်အစိုးရနဲ့၊ ယမုန်နာဆေးခန်း။ ၁၄-၉-၂ဝ၁၂ နေ့မှာ အမျိုးသားညွှန်ပေါင်းအစိုးရကို ဖျက်သိမ်းလိုက်တယ်။ ကျွန်တော်က မဖွဲ့ခင်ကတည်းကပါခဲ့တယ်။ ဖျက်တော့လည်း ထုတ်ပြန်ကြေညာချက်ကို ရေးရသူဖြစ်တယ်။ ယမုန်နာဆေးခန်းကို ၁၃-၉-၂ဝ၁၄ နေ့မှာ နောက်ဆုံး ဖွင့်ခဲ့ပါတယ်။



၁၄-၉-၂ဝ၁၂ စင်ပြိုင်အစိုးရတရပ် မလိုအပ်တော့၍ ဖျက်သိမ်းလိုက်

နေမျိုး | သောကြာနေ့၊ စက်တင်ဘာလ ၁၄ ရက် ၂ဝ၁၂ ခုနှစ် ၁၅ နာရီ ၃၇ မိနစ်


နယူးဒေလီ (မဇ္စျိမ) ။ ။ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းများအရ စင်ပြိုင်အစိုးရတရပ် ထားရှိရန်မလိုအပ်တော့၍ အမျိုးသားညွှန်ပေါင်းအစိုးရ NCGUB အား ဖျက်သိမ်းလိုက်ကြောင်း ပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည့် ဒေါက်တာတင့်ဆွေ က ပြောသည်။


ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တွေရော၊ ကျောင်းသားတွေရော ပြည်ပကို ထွက်ပြီး မြန်မာပြည် အခြေအနေကို ပြောနိုင် ဆိုနိုင်ပြီ။ ဒီကနေ့ မြန်မာပြည်ရဲ့ ဦးတည်ချက် လမ်းကြောင်းဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဦးတည်ချက်ကို သွားနေတော့ ကျနော်တို့ဟာ ဒီလမ်းကြောင်းမှာ အစိုးရတခုရဲ့ စင်ပြိုင်နေတဲ့ အစိုးရတရပ်ဟာ ခလုတ်ကန်သင်းလိုပေါ့၊ အဆီးအတားမဖြစ်စေချင်တဲ့ ဦးတည်ချက်နဲ့လည်း ဖျက်လိုက်တယ်လို့ ပြောနိုင်ပါတယ်ဟု မဇ္စျိမကို ပြောသည်။


၁၉၉ဝ ခုနှစ်၊ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့သည့် NCGUB အား ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်နေ့ ရက်စွဲဖြင့် အပြီးတိုင် ဖျက်သိမ်းလိုက်ကြောင်း ဝန်ကြီးချုပ် တောက်လျှောက်တာဝန်ယူခဲ့သည့် ဒေါက်တာစိန်ဝင်းက လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ကြေညာလိုက်သည်။


ထိုစဉ်က အထွေထွေရွေးကောက်ပွဲ၏ ရလဒ်အား ဗိုလ်ချုပ်မှူးကြီးစောမောင် ဦးဆောင်သည့် နဝတ စစ်အစိုးရက အကောင်အထည်ဖော်ရန် ငြင်းဆန်ခဲ့၍ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် ပါတီများ စုစည်းကာ စင်ပြိုင်အစိုးရ အဖြစ် တည်ထောင်ခဲ့ကြပြီးနောက် ၂၁ နှစ်တာကာလအတွင်း တတ်စွမ်းသမျှ လုပ်ဆောင်ခဲ့ကြကြောင်း နယူးဒေလီ မြို့နေ ဒေါက်တာတင့်ဆွေက ဆက်လက်ပြောပြသည်။


အတိုချုပ်အားဖြင့်ပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစု၊ တပ်၊ တိုင်းရင်းသား အင်အာစုတွေဆိုတဲ့ သုံးပွင့်ဆိုင်ဆွေးနွေးရေးကို ဦးတည်ထားတဲ့အတိုင်း ၁၉၉၄ ကုလသမဂ္ဂ ဆုံးဖြတ်ချက်တွေမှာ ပါလာခဲ့တယ်။ DVB အသံလွှင့်ဌာန ထူထောင်နိုင်ခဲ့ပြီး သန်းနဲ့ချီတဲ့ မြန်မာဒုက္ခသည်တွေ အတွက် ပညာ/ကျန်းမာ အထောက်အကူတွေရအောင် NHEC (အမျိုးသား ကျန်းမာရေးနှင့် ပညာရေး ကော်မတီ)ကို ဖွဲ့ပြီး နှစ်စဉ် ဘတ်သန်းနဲ့ ချီပြီး အကူအညီတွေ ရအောင် လုပ်ခဲ့ပါတယ်။ ဥရောပသမဂ္ဂက ရတဲ့ နည်းပညာ အကူအညီ၊ ငွေကြေး အကူအညီတွေကို တိုင်ရင်းသားအရေး ဆောင်ရွက်နိုင်ဖို့ EBO လို့ခေါ်တဲ့ ဥရောပမြန်မာရုံးကို ဘရပ်ဆဲလ် မှာ ဖွင့်နိုင်ခဲ့ပါတယ်ဟု ရှင်းပြသည်။


စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်အကောင်အထည်ဖော်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေးတို့အတွက် ၁၉၉ဝ ပြည့်နှစ် စက်တင်ဘာလ အတွင်းက ကရင်အမျိုးသားအစည်းအရုံး KNU ထိမ်းချုပ်ရာ မာနယ်ပလောဌာနချုပ်တွင် စင်ပြိုင်အစိုးရတရပ်အဖြစ် ဖွဲ့စည်း တည်ထောင် လှုပ်ရှားခဲ့သည်။


NCGUB အား ထောက်ခံအားပေး ကူညီခဲ့ကြသည့် နိုင်ငံတကာနှင့် ပြည်တွင်း၊ ပြည်ပ တိုင်းရင်းသားမဟာမိတ် အဖွဲ့အစည်းများ၊ ပါတီများအား အထူး ကျေးဇူးဥပကာရ တင်ရှိကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။


ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ တိုင်းပြည်အတွက် ဆောင်ရွက်ခဲ့ပါကြောင်းလည်း ကိုယ့်ကိုယ်ကို နို်င်ငံရေး လိပ်ပြာ သန့်သန့်ရှိတာ အမှန်ပါ။ ကျနော်တို့ကို ၁၉၉ဝ လူထုက ပေးလိုက်တဲ့ Mandate (အခွင့်အာဏာ) အတိုင်းပဲ ကျနော်တို့ တတ်စွမ်း သရွှေ့ဆောင်ရွက် ခဲ့ကြတယ်လို့ စိတ်သန့်သန့်ပဲ ရှိပါတယ်ဟုလည်း ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ မှ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည့် ဒေါက်တာတင့်ဆွေက ဆိုသည်။


ထိုသို့ ၎င်းတို့အစိုးရအဖွဲ့အား ဖျက်သိမ်းလိုက်ပြီးနောက် NLD လွှတ်တော် ကိုယ်စားလှယ်ဟောင်းတဦး အနေဖြင့် မည်သို့ ရှေ့ဆက် လုပ်ဆောင်သွားမည်နှင့် ပတ်သက်၍မူ ကျနော့်ပါတီ၊ ကျနော့် မဲဆန္ဒနယ်က ကျနော့်ကို ဘယ်နေရာမှာ ပိုလိုအပ်သလဲဆိုတာမှာ မူတည်ပြီးတော့ ဆုံးဖြတ်မှာပါဟု ၎င်းက မဇ္စျိမကို ပြောကြားသွားသည်။


14-9-2012 Burmese Exile Govt Dissolves After 22 years http://dts-political-page.blogspot.com/2012/09/burmese-exile-govt-dissolves-after-22.html


ဒေါက်တာတင့်ဆွေ

၁၄-၉-၂ဝ၁၆

ပုံ = ကျွန်တော့် နယူးဒေလီရုံခန်း


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း

NCGUB ဖျက်သိမ်းကြောင်း ထုတ်ပြန်ကြေညာချက်