The Ugly American ကျည်ဆန်ထွက်မှ လက်နက်မဟုတ်ပါ

၂၃-၆-၂ဝ၁၃ နေ့က စီအိုင်အေဝန်ထမ်းဟောင်း စနိုဒင်ရဲ့ ဖွင့်ချချက်ကိုကြည့်ရင် အမေရိကန်အစိုးရဟာ သူ့တိုင်းပြည် ကာကွယ်ဖို့ အစွန်းရောက်တွေကို NSA, CIA, FBI, DHS တို့က ထိထိရောက်ရောက် ကိုင်နေတာ၊ လူမသိသူမသိ ဗျင်းနေတာ ကြာပြီတဲ့။ အမေရိကန်နိုင်ငံဥပဒေအရခက်လို့ ဂွါတာနာမိုတို့၊ တခြားနိုင်ငံတို့က ထောင်တွေမှာ ထားပြီး ဆော်တယ်တဲ့။ ဒါပေမဲ့ အများမြင်ကွင်းမှာတော့ လူ့အခွင့်အရေး၊ ဘာသာရေးအခွင့်အရေးတွေကို ပါးပါးနပ်နပ် ကြွေးကြော်နေတာ အားလုံးအသိဖြစ်တယ်တဲ့။ အင်္ဂလန်၊ ရုရှား၊ ပြင်သစ်တို့ကလည်း အဲသလို လုပ်နေတာဘဲ။ ဦးနှောက်ရှိတဲ့အစိုးရတိုင်း၊ တိုင်းပြည်အကျိုးကို တကယ်လိုလားတဲ့ အစိုးရတိုင်း ဒီလိုပဲလုပ်ကြတယ်တဲ့။


နောက်သတင်းတပုဒ်လည်း ဖတ်ရပါတယ်။ ရန်ကုန်-မန္တလေး အမြန်လမ်း ရှစ်လမ်းသွားချဲ့ရန် အမေရိကန်ကူညီမည်တဲ့။


မှတ်မိသေးတယ်။ ဗိုလ်ချုပ်နေဝင်းခေတ်တုန်းကပေါ့။ ခေတ်က စစ်အေးကာလ၊ ဗီယက်နမ်စစ်ကြီးဖြစ်နေစဉ်ကပါ။ အမေရိန်ကန်ကနေ ရန်ကုန်နဲ့ မန္တလေး လမ်းမကြီးဖေါက်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်။ အဲဒီအခါ ဆိုဗီယက်ယူနီယံကနေ အဲဒီလမ်းမကြီးအလယ်မှာ သစ်ပင်တွေစိုက်ပေးမယ်လို့ စေတနာကောင်းခဲ့တယ်။ လမ်းဖေါက်တာကောင်းတယ်။ ပတ်ဝန်ကျင်စိမ်းစိုတာကောင်းလို့ ပြောချင်ကြပါသလား။ လက်ယာနဲ့ လက်ဝဲပါ နှစ်နိုင်လုံးက အကြံသမားချည်းပါ။ အမေရိကန်ဘ ဘီတူးဗုံးကြဲလေယာဉ်တွေ ဆင်းနိုင်လောက်အောင်ကျယ်တဲ့ လမ်းမကြီးလုပ်ချင်တာ။ ဆိုဗီယက်က လေယာဉ်ဆင်းမရအောင် ဒီအကြံကိုဖျက်ချင်တာ။ အဲဒီခေတ်က သဘာဝပတ်ဝန်းကျင်ဆိုတာတွေ ခေတ်မစားသေးပါ။ 


သီ အားကလီး အမေရိကန်ဆိုတဲ့ ရုပ်ရှင်ရှိတယ်။ တီဗွီဆီးရီးစ်လည်းရှိတယ်။ စာအုပ်ပဲ ငယ်ငယ်ကဖတ်ဘူးပါတယ်။ ဗီယက်နမ်မှာ အမေရိကန်ကနေ ဆန်တွေဝေပါတယ်။ ဆိုဗီယက်က အဲဒီဆန်အိတ်တွေမှာ သူတို့တံဆိပ် ကပ်လိုက်တယ်။ အဲဒီခေတ်ကတည်းက ဝါဒဖြန်ချိရေးမှာ အပြိုင်အဆိုင်လုပ်ကြတယ်။ အခုထိ။ နောင်ကာလရောပါ။ 


ကျွန်တော်တို့ငယ်ငယ်က ရန်ကုန်ရှိတဲ့သံရုံးတွေကစာအုပ်တွေ မှာဖတ်ကြတယ်။ ကျွန်တော်လည်း သံရုံးအစုံကနေ မှာတယ်။ ယူအက်စ်၊ ယူကေ၊ အနောက်ဂျာမဏီက စာအုပ်တွေဟာ ကြွေစာရွက်တွေ၊ အရောင်စုံတွေနဲ့ချည်း။ ကွန်မြူနစ်နိုင်ငံတွေ ဖြစ်ကြတဲ့ ဆိုဗီယက်နဲ့ ချက်ကိုဆလိုဗက်၊ တရုပ်ကနေလည်း မှာတာပဲ။ ကျွန်တော်ငယ်ငယ်က ဘက်မလိုက်အစစ်။ အဲဒီကာလမှာ မြန်မာပြည်နိုင်ငံရေးအခင်းအကျင်းကတော့ လက်ဝဲဘက်ကို အတော်ယိမ်းနေပြီ။ လက်ဝဲစာမဖတ်သူ အရင်းရှင်နဲ့ ပေးစားခံရတယ်။ ဖဆပလရော၊ ဦးနေဝင်းပါ မြန်မာပြည်ကွန်မြူနစ်ပါတီ ဆန့်ကျင်ရေးတွေ အားသွန်ခွန်စိုက် လုပ်ကြတယ်။ လူငယ်တွေက ဟိုဘက်၊ သည်ဘက် ရောက်သွားကြတယ်။ အနီတွေကများပါတယ်။ 


ပြီးခဲ့တာတွေကတော့ နိုင်ငံရေးစနစ်၊ အယူဝါဒတွေသာဖြစ်တယ်။ မပြီးသေးဘဲ ပိုပိုဆိုးဝါး ပြင်းထန်လာနေတာကတော့ ဘာသာရေးဝါဒဖြစ်ပါတယ်။ ရိုးလွန်းပြီး အ, တာမဖြစ်ကြဘို့ရာ အသိတရား၊ သတိတရား၊ နှလုံးသားလက်နက်၊ နည်းပညာ လက်နက်တွေနဲ့ ကာကွယ်ကြရမယ်။ တရားစစ် (တရားသောစစ် မဟုတ်) ကိုသာ ရှာကြရပါမယ်။


ဘယ်လက်နက်ကိုဖြစြ်ဖစ် အသုံးပြုသူရဲ့ ဦးနှောက်နဲ့ဆုံးဖြတ်တယ်။ ဆုံးဖြတ်ချက်မှာ နှလုံးသားမပါရင်တော့ စက်ရုပ်ပဲ။ သံရုံးမှန်သမျှကနေဝေတဲ့စာအုပ်တွေထဲမှာ နှလုံးကောင်းဆေးမပါ။ မြန်မာလူမျိုး အများစုက နှလုံးကောင်းကြပါတယ်။ ဦးနှောက်ပါကောင်းကြစေချင်တယ်။ အဲတာက ကျည်ဆန်မထွက်ပါ။ အကြံဉာဏ်ကောင်းတွေထွက်ပါတယ်။ ဦးနှောက်ရှိတဲ့လူထု ရှိစေချင်တယ်။ အပြင်ကအရောင်တွေကို အားကျလွန်းသူတွေများတယ်။ ကျွန်တော်ကတော့ ကိုယ်ပိုင်အရောင်တွေလင်းလက်စေချင်တာ။


ဒေါက်တာတင့်ဆွေ

၂၂-၄-၂ဝ၁၇

၂၂-၄-၂ဝ၂၁


Comments

Popular posts from this blog

Vitamin A ဗီတာမင်အေ နှင့် ကလေး

Pruritus scroti ယောက်ျားကပ်ပယ်အိတ်ယားခြင်း

NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ သမိုင်းအကျဉ်း